မြောက်ကိုရီးယားနယ်စပ်က ဝါဒဖြန့် အသံလွှင့်မှု တောင်ဘက်က ရပ်နား

  • 23 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ထုတ်လွှင့်မှုတွေမှာ အရှင်းရှင်စနစ်နဲ့ ဒီမိုကရေစီအကြောင်း ၊ တောင်ကိုးရီးယားနိုင်ငံရဲ့ တိုးတက်မှုတွေ အကြောင်းပါဝင်

မြောက်ကိုရီးယား နယ်စပ်တလျှောက်မှာ တောင်ကိုးရီးယားဘက်က တပ်ဆင်ထားခဲတဲ့ ဝါဒဖြန့်ချိရေး အသံလွှင့် စပီကာတွေက တဆင့် အသံလွှင့်မှုတွေကို တောင်ကိုရီးယားဘက်က ရပ်နားလိုက်ပါတယ်။

ဒါဟာ ဒီအပတ်နှောင်းပိုင်းမှာ ပြုလုပ်ဖို့ရှိတဲ့ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် တောင်ကိုရီးယားဘက်က အသံထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒါဇင်နဲ့ချီတဲ့ အဲဒီအသံလွှင့် စပီကာတွေဟာ ကေပေါ့ ဂီတတွေကနေ မြောက်ကိုရီးယားအရေး သတင်းနဲ့ ဝေဖန်သုံးသပ်ချက်တွေပါ ထုတ်လွှင့်လေ့ရှိနေတာဖြစ်ပါတယ်။

နယ်စပ်တလျှောက်က မြောက်ကိုရီးယား တပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတွေအပြင် အဲဒီဧရိယာနားက ဒေသခံတွေကပါ အဲဒီထုတ်လွှင့်ချက်တွေကို ကြားကြရတာဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်ခြမ်းမှာ တပ်ဆင်ထားတဲ့ အသံလွှင့်စပီကာတွေကိုတော့ ထုတ်လွှင့်မှု ရပ်ဆိုင်းထားသလားဆိုတဲ့ ကိစ္စကိုတော့ မသိရပါဘူး။

အဲဒီ စပီကာတွေကလည်း တောင်ကိုရီးယားနဲ့ သူ့ရဲ့မဟာမိတ်တွေကို ဝေဖန်တဲ့ ဝေဖန်ရေး သတင်းဆောင်းပါးတွေကို ထုတ်လွှင့်လေ့ရှိတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုးရီးယားဘက်က တနေ့ကို ၆ နာရီ အသံလွှင့်တာဖြစ်

ဒီလိုထုတ်လွှင့်မှုတွေကို ရပ်နားရတဲ့ တောင်ကိုရီးယားဘက်က ဦးတည်ချက်ကတော့ ဒေသတွင်း စစ်ရေးတင်းမာမှုကို လျှော့ချနိုင်ဖို့ပဲ ဖြစ်ပြီး အေးဆေးတည်ငြိမ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ်ပေါက်လာဖို့ စိတ်ဆန္ဒရှိနေကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ကြောင်း Yonhap ယွန်းဟပ် သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ သူ့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်တဲ့အကြောင်းနဲ့ နျူကလီးယားစမ်းသပ်တဲ့နေရာတခုကို ပိတ်ပစ်မှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာထားခဲ့တာပါ။

အဲဒီကြေငြာချက်ဟာ တောင်ကိုရီးယား ၊ အမေရိကန်တို့နဲ့ သမိုင်းဝင်ဆွေးနွေးပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။

ပြုံးယမ်ဘက်က ခေါင်းဆောင်ဖြစ်တဲ့ ကင်ဂျုံအွန်းဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ အခုသောကြာနေ့ နှောင်းပိုင်းမှာ စစ်မဲ့ဇုံဖြစ်တဲ့ ပန်မွန်ဂျုံရွာမှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ