နယ်ခြားကကိုရီးယားထိပ်သီး ၂ ယောက်ရဲ့ တွေ့ဆုံပွဲ

  • 26 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption သမိုင်းဝင်တွေ့ဆုံမှုဖြစ်လာမယ့် မစ္စတာကင်မ် (ညာ)နဲ့ မစ္စတာမွန်တို့ရဲ့တွေ့ဆုံပွဲ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပြီး ပထမဆုံး တောင်ကိုရီးယား မြေကို ခြေချမယ့် မြောက်ကိုရီးယားနိုင်ငံရဲ့အကြီးအမှူးအဖြစ် သမိုင်းဝင်ပါတော့မယ်။

၂ နိုင်ငံ နယ်စပ် စစ်မဲ့ဇုံမှာ ပြုလုပ်မယ့် သောကြာနေ့ တွေ့ဆုံပွဲမှာ မြောက်ကိုရီးယား ဘက်က ခေါင်းဆောင် ကင်မ်ဂျုံအွန်း နဲ့ အတူ အဖွဲ့ဝင် ၉ ယောက် လိုက်ပါလာပါမယ်။ တောင်ကိုရီးယားဘက်ကတော့ သမ္မတ မွန်ဂျေအင်းနဲ့အတူ အဖွဲ့ဝင် ၇ ယောက် ပါ ပါမယ်။

မစ္စတာမွန်ဟာ မစ္စတာကင်မ်နဲ့ ဒေသစံတော်ချိန် ၉နာရီခွဲမှာ နယ်စပ်မှာတွေ့ဆုံမယ်လို့ တောင်ကိုရီးယား ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါဟာ ဆယ်စုနှစ်တခု ကျော်ကြာ တင်းမာမှုတွေဖြစ်ခဲ့အပြီးမှာ ပထမဆုံးအဖြစ် ထိပ်သီးအဆင့် တွေ့ဆုံပွဲ လည်းဖြစ်ပါတယ်။

ဒီသမိုင်းဝင်တွေ့ဆုံပွဲမှာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားရည်မှန်းချက်တွေစွန့်လွှတ်ဖို့ကို အဓိက ထားဆွေးနွေးသွားမှာပါ။

ဒါပေမဲ့ နျူကလီးယားကိစ္စက ခေါင်းဆောင်၂ဦးအကြား သဘောတူညီမှုရဖို့အခက်ခဲဆုံး အပိုင်း ဖြစ်လိမ့်မယ် လို့ တောင်ကိုရီးယားသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ အင်းဂျုံးဆောင်ကပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်မ်နဲ့မွန်ကြား ဘာတွေ မပြောအပ်ဘူးလဲ

တောင်နဲ့မြောက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ကြမယ့် နှစ်နိုင်ငံ နယ်ခြား တောင်ကိုရီးယား ဘက်ခြမ်းက ပန်မွန်ဂျွန်ရွာကို ငြိမ်းချမ်းရေး ရွာ အဖြစ် ခေါ်တွင်ကြသလို တွေ့မယ့် နေအိမ်ကိုလည်း ငြိမ်းချမ်းရေးစံအိမ် လို့ ညွှန်းဆိုလေ့ရှိပါတယ်။

ဒီလို ထိပ်သီးချင်း တိုက်ရိုက် နောက်ဆုံး တွေ့ဆုံခဲ့ကြတာက ၂၀၀၇ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက လက်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ဖခင်ဖြစ်သူ ကင်မ်ဂျုံအီးလ်နဲ့ အဲ့တုန်းက တောင်ကိုရီးယား သမ္မတ ရိုမူချန်တို့ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

အခုလို တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးချင်း တွေ့ဆုံမယ့် ရက်သတ်မှတ်နိုင်ခဲ့တာက တောင်ကိုရီးယားမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယား အဖွဲ့ စေလွှတ်ပြီး နောက်ပိုင်း ဆက်တိုက် ဖြစ်ပေါ်လာခဲ့တဲ့ နှစ်ဖက် သံတမန် ဆက်သွယ်ရေး တိုးတက်မှုတွေထဲက တခု လည်း ဖြစ်ပါတယ်။