သမိုင်းဝင်အောင်မြင်မှုရနိုင်မလား

  • 27 ဧပြီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption တောင်မြောက်ကိုရီးယားခေါင်းဆောင်တွေ သမိုင်းဝင်တွေ့ဆုံမှု ပြုလုပ်နိုင်ခဲ့

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တို့ မနေ့က ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နယ်နမိတ်မျဉ်းဆီလျှောက်လာချိန်မှာ တောင်ကိုရီးယားခေါင်းဆောင်က လက်ကမ်းကြိုဆိုပြီး တောင်ကိုရီးယားနယ်နမိတ်ထဲကို ခေါ်ဆောင်လိုက်ပါတယ်။

သမိုင်းဝင်တဲ့ အဲဒီအခိုက်အတန့်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက မထင်မှတ်တဲ့ အပြုအမူတခုကို ပြုလုပ်လိုက်ပါတယ်။ အဲဒါကတော့ တောင်ကိုရီးယားခေါင်းဆောင် မွန်းဂျေအင်းကို ချက်ချင်းပဲဖိတ်ခေါ်ပြီး မြောက်ကိုရီးယားနယ်နမိတ်ထဲ နှစ်ယောက်စလုံးလက်တွဲပြီး လှမ်းဝင်လိုက်တာဖြစ်ပါတယ်။

ကြည့်နေသူတွေက သဘောကျပြီး လက်ခုပ်တီးကြပါတယ်။

တကယ်တော့ သူတို့ကျော်ဖြတ်လိုက်ကြတာဟာ တပေလောက်ပဲကျယ်ပြီး ခြောက်လက်မသာသာမြင့်တဲ့ ကွန်ကရစ်လိုင်းလေးတခုပါ။ ဒါပေမယ့် နိုင်ငံရေး သဘောအရပြောရရင်တော့ နှစ်ပေါင်း ၇၀ ကျော် ဖြတ်ကျော်မရနိုင်တဲ့ မဟာတံတိုင်းကြီးဖြစ်ခဲ့ပါတယ်။

အခုတော့ တောင်မြောက်ကိုရီးယားခေါင်းဆောင်တွေဟာ အဲဒီတံတိုင်းကြီးကို ဖြတ်ကျော်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမိုင်းဝင်အခိုက်အတန့်ကို တောင်ကိုရီးယားပြည်သူတွေ ဝမ်းမြောက်ဝမ်းသာ ကြိုဆို

မြောက်ကိုရီးယားခေါင်းဆောင်ကို တောင်ကိုရီးယားက ကိုရီးယားနန်းတွင်း စစ်သည်တော်ဝတ်စုံဝတ်ထားတဲ့သူတွေခြံရံပြီး အတီးအမှုတ်တွေနဲ့ ကြိုဆိုခေါ်ဆောင်ခဲ့ပါတယ်။

နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးကြပြီးတဲ့အခါမှာတော့ ကိုရီးယားကျွန်းဆွယ် နျူးကလီးယားကင်းစင်ရေးလုပ်ကြဖို့ သဘောတူခဲ့ကြပါတယ်။

၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ်စစ်ပွဲအပြီးတုန်းက သဘောတူထားခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲရေး အခြေအနေအတိုင်း ပြန်သွားကြဖို့ကိုလည်း နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။

ကံမကောင်းတဲ့ ကိုရီးယားအတိတ်သမိုင်းကြောင်းဆီ ပြန်ဦးမတည်ကြဖို့လည်း နှစ်ဘက်ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ စိုးရိမ်ပူပန်မှုက လုံခြုံရေးပြဿနာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက စိုးရိမ်ပူပန်ပါတယ်။ အရင်တုန်းက ဆွေးနွေးပွဲတွေမှာလည်း အဲဒီအကြောင်းတွေဟာ အမြဲတန်းဆွေးနွေးရာမှာ ပါဝင်ခဲ့ပါတယ်။

အခုရော မကြာခင်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံကြတဲ့ အခါ အမေရိကန်စစ်စခန်း ကိစ္စ၊ မြောက်ကိုရီးယား နျူးကလီးယားလက်နက်ကိစ္စတွေဟာ ဆွေးနွေးပြေလည်နိုင်မှာပါလား။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အကောင်းပါတယ်။ ကောင်းတဲ့အရာတွေဖြစ်လာပြီလို့ သူ့ထုံးစံအတိုင်း တွတ်တာကနေ ပြောပါတယ်။ ဒါ့အပြင်မှာ

ဒီလောက်အတိုင်းအတာအထိ တခါမှ ခရီးမပေါက်ခဲ့ဖူးပါဘူး။ "သဘောတူညီချက်ရဖို့ကို အခုလောက် စိတ်အားထက်သန်တာမျိုး မရှိခဲ့ဖူးပါဘူး။ ပြီးတော့ အမေရိကန်ဟာ အတိတ်တုန်းက လှည့်ဖျားကစားတာတွေ လုပ်ခဲ့တယ်ဆိုတာ ကျနော်သဘောတူပါတယ်။ ဘာ့ကြောင့် အဲသလိုဖြစ်ခဲ့သလဲဆိုတော့ အဲဒီတုန်းကခေါင်းဆောင်တွေက အခုခေါင်းဆောင်နဲ့ မတူလို့ပါ။"

လို့လည်း သူက ပြောပါတယ်။ အရင်ကဆွေးနွေးပွဲတွေ မအောင်မြင်ရတာဟာ အရင်က အမေရိကန်ခေါင်းဆောင်တွေမကောင်းလို့ဆိုပြီး အပြစ်ပုံချလိုက်သလို သူ့လက်ထက်မှာတော့ အောင်မြင်မှုရမယ့်သဘောသူကပြောပါတယ်။

ဒါပေမယ့် နေတိုးအဖွဲ့ခေါင်းဆောင် ယန်း စတော့လ်တင်ဘာ့ဂ် ကတော့

"နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံနိုင်ခဲ့တဲ့ တိုးတက်မှုကို ကြိုဆိုပါတယ်။ ဒါဟာ ပထမခြေလှမ်းဖြစ်ပြီး အားတက်စရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့မှာ ခက်ခက်ခဲခဲလုပ်စရာတွေ အများကြီးရှိသေးတယ်ဆိုတာကို ကျနော်တို့ နားလည်ထားဖို့ လိုပါတယ်" လို့ ဆိုပါတယ်။

ကျေနပ်အားရဖွယ် သမိုင်းဝင် အစဟာ ကျေနပ်အားရဖွယ် သမိုင်းဝင်နိဂုံးချုပ်မှုမျိုးနဲ့ အဆုံးသတ်နိုင်မလားဆိုတာက အခုချိန်မှာ ဘယ်သူမှ တိတိကျကျ မဖြေဆိုနိုင်သေးတဲ့ ပုစ္ဆာတပုဒ်သာဖြစ်နေပါသေးတယ်။