တရုတ်နဲ့ အိန္ဒိယတို့ ဆက်သွယ်ရေးတိုးမြှင့်ဖို့ သဘောတူ

  • 28 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်ရေးနဲ့ လုံခြုံရေး ဆက်သွယ်မှုတွေကို တိုးမြှင့်ပြီး ဖြေရှင်းဖို့ ကြေညာချက် ထုတ်

အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ နဲ့ တရုတ် သမ္မတ ရှီဂျင်ပင်းတို့ရဲ့ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ ကျင်းပတဲ့ အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲ ဧပြီလ ၂၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ နယ်နမိတ် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက် ခေါင်းဆောင်တွေ အခုလို အလွတ်သဘော တွေ့ဆုံခဲ့ပြီး စစ်ရေးနဲ့ လုံခြုံရေး ဆက်သွယ်မှုတွေကို တိုးမြှင့်ပြီး ဖြေရှင်းဖို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

တရုတ်နဲ့ အိန္ဒိယ နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ အခုအခါ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်ရေးကို အာရုံစိုက် လုပ်ဆောင်ဖို့ ဆန္ဒ ရှိတယ်ဆိုတာကိုလည်း ဒီထိပ်သီး ဆွေးနွေးပွဲမှာ သတင်းစကား ပါးခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယနဲ့ တရုတ် နယ်စပ်ပြဿနာကြားက ဒေသခံများ

ဟိမဝန္တာတောင်တန်း ဒေသအနီးက နှစ်ဖက် နယ်စပ် အငြင်းပွားမှုတွေကြောင့် စစ်တပ်တွေ လာရောက် တပ်စွဲတဲ့အထိ နှစ် နိုင်ငံ အခြေအနေ တင်းမာခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ လောက် ကြာခဲ့တဲ့ နယ်စပ်ဒေသ အငြင်းပွားမှုနဲ့ ပတ်သက်လို့ မနှစ်တုန်းက အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ ဖြစ်ခဲ့ရပါတယ်။

အဲဒီတုန်းက ဘူတန်နိုင်ငံ အစွန်းနားက နှစ်နိုင်ငံ နယ်စပ်ဒေသတခုမှာ နှစ်ဘက်စလုံးက စစ်တပ်တွေ ချထားခဲ့ပြီး တရုတ် အစိုးရ သတင်းမီဒီယာတွေမှာ စစ်အန္တရာယ် ခြိမ်းခြောက်တာတွေကို နေ့စဉ် နီးပါး လုပ်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်တပ်တွေ လာရောက် တပ်စွဲတဲ့အထိ နှစ် နိုင်ငံ အခြေအနေ တင်းမာခဲ့

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရုရှား၊ ဘရာဇီးလ်၊ တောင်အာဖရိက တရုတ်နဲ့ အိန္ဒိယ ၅နိုင်ငံပါဝင်တဲ့ BRICS ထိပ်သီးဆွေးနွေးပွဲက စလို့ နှစ်နိုင်ငံ ဆက်ဆံရေး စအဆင်ပြေလာခဲ့ပါတယ်။

အဲဒီနောက်မှာ အိန္ဒိယနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး၊လုံခြုံရေး အကြံပေး၊ ကာကွယ်ရေး ဝန်ကြီးတွေ တရုတ်နိုင်ငံကို ထိပ်သီးအဆင့် သွားရောက်ခဲ့ကြပါတယ်။

တခါ မတ်လတုန်းက မစ္စတာ ရှီဂျင်ပင်း သမ္မတ အဖြစ် ထပ်တင်မြှောက်ခံရတာကို မစ္စတာမိုဒီက ချီးကြူးဂုဏ်ပြုစာ ပေးပို့ခဲ့ပါတယ်။

တရုတ်ဘက်ကလည်း အိန္ဒိယနိုင်ငံထဲ စီးဝင်တဲ့ မြစ်ကြောင်းတွေပေါ်က မြေအောက်ရေ အသွားအလာပိုင်းဆိုင်ရာ အချက်အလက်တွေကို အိန္ဒိယကို ဝေမျှမယ်လို့ ဆိုလာသလို မနှစ်က နယ်စပ်ပြဿနာကြောင့် ရပ်ဆိုင်းထားရတဲ့ အသေးစား ပူးတွဲ စစ်လေ့ကျင့်ရေးတွေ ပြန်စမယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

အခု အဲဒီ နယ်စပ်ဒေသမှာ စစ်ဘက်ဆိုင်ရာနဲ့ လုံခြုံရေး ဆိုင်ရာ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်မယ်လို့ ခေါင်းဆောင် နှစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရုရှား၊ ဘရာဇီးလ်၊ တောင်အာဖရိက တရုတ်နဲ့ အိန္ဒိယ ၅နိုင်ငံပါဝင်တဲ့ BRICS ထိပ်သီးဆွေးနွေးပွဲက စလို့ နှစ်နိုင်ငံ ဆက်ဆံရေး စအဆင်ပြေလာ

ဒီထိပ်သီးဆွေးနွေးပွဲကနေ အိန္ဒိယ တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ သဘောထား ကွဲလွဲမှုတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး နောက်ထပ် ဆက်ဆံရေးတွေ အဆင်ပြေလာမယ့် ပုံ ရှိနေပါတယ်။

ဒါပေမယ့်လည်း တောင်အာရှဒေသထဲ တရုတ်က စီးပွားရေး နယ်မြေ တိုးချဲ့လာနေသလို အိန္ဒိယကလည်း နိုင်ငံတွင်းမှာ စီးပွားရေး အမြန်ဆုံး တိုးတက်ဖို့ ကြိုးစားနေတာ ဖြစ်တဲ့အတွက် စီးပွားရေး အင်အားကြီး နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအနေနဲ့ သြဇာလွှမ်းမိုးနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေမှုတွေကတော့ လျော့ကျသွားမယ့် ပုံ မတွေ့ရပါဘူး။

ဆက်စပ် အကြောင်းအရာများ