ဒိုမေနီကန်နိုင်ငံ တိုင်ဝမ်နဲ့ကြား အဆက်အသွယ်ဖြတ်

  • 1 မေ 2018
Image caption တိုင်ဝမ်နဲ့ကြား အဆက်အဆံဖြတ်

ကာရစ်ဘီယံ ဒေသ နိုင်ငံ တစ်ခုဖြစ်တဲ့ ဒိုမေနီကန်က တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ထူထောင်လိုက်ပြီး တိုင်ဝမ်နဲ့ကြား အဆက်အသွယ် ဖြတ်တောက် လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ တရုတ်ပြည်မကြီး အင်အားကြီးထွားပြီး စိုးမိုး နေရာယူလာတာရဲ့ တိုက်ရိုက် အကျိုးဆက် တစ်ခု အနေနဲ့ တိုင်ဝမ်ကျွန်း ကို အသိအမှတ်ပြု ဆက်ဆံ နေတဲ့ နိုင်ငံတစ်ခု ထပ်မံ လျော့ကျ သွားတာ ဖြစ်ပါတယ်။

တိုင်ဝမ်ကို သီးခြား နိုင်ငံ တစ်ခု အဖြစ် တရုတ်ပြည်မကြီးက တရားဝင် အသိအမှတ် မပြုပါဘူး။

ဒါ့ကြောင့် တရုတ်အစိုးရနဲ့ကြား သံတမန် ဆက်ဆံရေး ထားရှိလိုတဲ့ ဒိုမေနီကန် အနေနဲ့ တိုင်ဝမ် အစိုးရနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။

Image caption ဒေါ်လာမျက်နှာကိုသာ ကြည့်တဲ့ လုပ်ရပ်

ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒိုမေနီကန် နိုင်ငံခြားရေး ဝန်ကြီး မီဂဲလ် ဗားဂတ်စ်က အခု ခြေလှမ်းဟာ သူ့နိုင်ငံရဲ့ အနာဂတ် အတွက် ပိုမို ကောင်းမွန် နိုင်မယ် ဆိုပြီး ပြောပါတယ်။

တရုတ်ပြည်မကြီး အစိုးရရဲ့ "One China principle" လို့ ခေါ်တဲ့ "တရုတ် တစ်နိုင်ငံတည်း မူဝါဒ" ကို အသိအမှတ်ပြု လက်ခံပါတယ်လို့ ဝန်ကြီး မီဂဲလ် ဗားဂတ်စ်က ပြောရင်းမှာပဲ တိုင်ဝမ်နဲ့ကြား အဆက်အဆံ တစုံတရာမှ မထားရှိတော့ကြောင်းလည်း အာမခံ ပြောကြားသွားပါတယ်။

တိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဖ် ဝူကတော့ ဒိုမေနီကန်ရဲ့ လုပ်ရပ်ဟာ ငွေမျက်နှာ ဒေါ်လာမျက်နှာကိုသာ ကြည့်တဲ့ လုပ်ရပ်ဆိုပြီး ပြင်းပြင်း ထန်ထန် ဝေဖန်ပါတယ်။

Image caption တိုင်ပေမှာ ရှိတဲ့ ဒိုမေနီကန် သံရုံး

ဒိုမေနီကန် သမ္မတ ဒန်နီလို မဒီနာဟာ ထိုင်ဝမ်နဲ့ကြား ကြာမြင့်စွာ ထားခဲ့တဲ့ မိတ်ဖက် ဆက်ဆံရေးကို လျစ်လျူ ရှုရုံမက တိုင်ဝမ်ဘက်က အစဉ်အဆက် အကူအညီတွေ ပေးခဲ့တာတွေကိုလည်း မငဲ့ကွက်ဘူးလို့ ဝန်ကြီး ဂျိုးဆက်ဖ် ဝူက ပြောပါတယ်။

ထိုင်ဝမ်နဲ့ ဆက်ဆံရေး ဖြတ်တောက်ကြောင်း ကြေညာတဲ့ တိုင်းပြည်တွေ တစ်ခုပြီးတစ်ခု တိုးလာတာမှာ ဒိုမေနီကန်လည်း ပါဝင်လာတဲ့နောက် အခုဆိုရင် ထိုင်ဝမ် အစိုးရကို တရားဝင် အသိအမှတ်ပြုတဲ့ နိုင်ငံတကာ အစိုးရပေါင်း ၁၉ ခုသာ ကျန်ပါတော့တယ်။

အဲဒီအထဲက အများစုကလည်း လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသက နိုင်ငံငယ်တွေ ဖြစ်ပြီး ဥရောပက ဆိုရင် သီးခြားမြို့ပြ နိုင်ငံ ထူထောင်ထားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်နန်းတော် ကပဲ တိုင်ဝမ်ကို အသိအမှတ် ပြုထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ