မယ်လာနီယာရဲ့ "Be Best" လှုပ်ရှားမှု စ

  • 8 မေ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန် သမ္မတ ထရမ့်ဇနီး မယ်လာနီယာ

အမေရိကန် သမ္မတကတော် Melania ဟာ လူမှုရေး ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးရဲ့ အရေးပါပုံ တို့ကို ကလေးတွေကို သင်ကြားပေးရေး လှုပ်ရှားမှု တရပ် စတင်လိုက်ပါတယ်။

"Be Best" လို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုဟာ ကျန်းကျန်းမာမာ နေထိုင်နိုင်ရေး ၊ လူမှုကွန်ယက်ကို အပြုသဘောနဲ့ အကျိုးရှိရှိ အသုံးချရေး နဲ့ မူးယစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေး တို့ကို တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။

အင်တာနက်ပေါ်မှာ ကလေးတွေကို နိုင်ထက်စီးနင်း ပြုမှုတွေကို အလေးထား ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်သလို လူမှုကွန်ယက် ကို ကောင်းကျိုးအတွက် အသုံးချတဲ့ အလေ့အကျင့်ကို တွန်းအားပေးမှုတွေ သူ အိမ်ဖြူတော်မှာ နေထိုင်စဉ်အတွင်း စိတ်ဝင်တစား ဆောင်ရွက်သွားမယ်လို့ သမ္မတ ကတော်က ဆိုပါတယ်။

ကလေးတွေဟာ လူမှုကွန်ယက် အသုံးပြုမှုကနေ အပြုသဘောဆောင်တဲ့ အကျိုးပြုမှုတွေ ရသလို အပျက် သဘောဆောင်တဲ့ ဆိုးကျိုး သက်ရောက်မှုတွေလည်း ရှိစေနိုင်တဲ့ အတွက် ကလေးတွေ အနေနဲ့ အွန်လိုင်းပေါ်ကနေ အပြုသဘောဆောင်တဲ့ အမူအကျင့်တွေ စောစီးစွာ သင်ယူမယ် ဆိုရင် လူမှု ကွန်ယက် သုံးပြီး အကျိုးရှိနိုင်မှာပါ ၊ သူ့တို့ဘ၀ အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာပါလို့ မယ်လာနီယာ ထရမ့်က ပြောပါတယ်။

ဒါပေမယ့် အွန်လိုင်းပေါ်ကနေ အပြန်အလှန် တုန့်ပြန်မှုလုပ်လေ့ရှိတဲ့ ခင်ပွန်းသည် ဖြစ်သူ သမ္မတ ထရမ့် ကိုယ်တိုင်ကိုက သူ့ရဲ့ အကြံပြုချက်တွေကို လိုက်နာပါ့မလား ဆိုတာကို ဝေဖန်သူတွေက မေးခွန်းထုတ်နေကြပါတယ်။