အီတလီမှာ ညွန့်ပေါင်း အစိုးရ မဖွဲ့နိုင်သေး

  • 8 မေ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption အီတလီ သမ္မတ SERGIO MATTARELLA

အီတလီ ရွေးကောက်ပွဲ ဟာ ပြီးခဲ့တဲ့ မတ်လ က ကျင်းပ ပြီးစီးခဲ့ပေမယ့် ဘယ်နိုင်ငံရေး ပါတီ ကမှ မဲ အပြတ်အသတ် မနိုင်ခဲ့တဲ့ အတွက် အခုထိ အစိုးရ မဖွဲ့နိုင်သေးပါဘူး။

အဲဒီအတွက် သမ္မတ မက်တာရဲလား က ပြိုင်ဘက် ပါတီ တွေ ကို ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ အကြံပြု တိုက်တွန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပါတီတွေ အချင်းချင်း အကြား သုံးကြိမ် ခန့် တွေ့ဆုံ ဆွေးနွေးကြတဲ့ တိုင်အောင် မအောင်မြင်ခဲ့တာကြောင့် ဒီပါတီ တွေ က နောက်ထပ် ဆွေးနွေးဖို့ အချိန် ထပ်တောင်းပါတယ်။

ဒါပေမဲ့ သမ္မတ မက်တာရဲလား က အီတလီ နိုင်ငံ မှာ တခါ မှ မကြုံဖူးတဲ့ ပါလီမန် သက်တမ်းတခုသာ ပြီးသွားခါနီး ဖြစ်တဲ့ တိုင်အောင် အစိုးရသစ် ဖွဲ့နိုင်စွမ်း မရှိခဲ့လို့ အချိန်ကုန် ငွေကုန် မဲဆန္ဒရှင်တွေ ရဲ့ မဲတွေ အလဟဿ ဖြစ်ကုန် လို့ အကြံ နှစ်ခု ပေးလာပါတယ်။

အဲဒါကတော့ အိမ်စောင့် အစိုးရ သဘော အနေနဲ့ တတ်သိပညာရှင်တွေ နဲ့ ဖွဲ့စည်းပေးရင်း နှစ်ကုန်တဲ့ အထိ တာဝန်ယူပေးဖို့ နဲ့ ဒါမှ မဟုတ် ရွေးကောက်ပွဲ အသစ် ကို လာမယ့် ဇူလိုင် လမှာ ပြန်လည် ကျင်းပဖို့ ဖြစ်ပါတယ်။

ဒီ အစီအစဉ် နှစ်ခုထဲ က တခု ကို နိုင်ငံရေး ပါတီ တွေ အနေနဲ့ ရွေးချယ်ဖို့ လိုအပ်ပြီး ပါတီ တွေ အကြားမှာ လွတ်လွတ် လပ်လပ် ဆွေးနွေး အဖြေ ရှာပေးကြစေလိုကြောင်း ၊ ဒီကြားထဲမှာ အိမ်စောင့် အစိုးရ ဖွဲ့ပေးထားပြီး နိုင်ငံရေး ပါတီ တွေရဲ့ သဘောထား ကို သိချင်ကြောင်းနဲ့ ဒါမှ မဟုတ်ရင်တော့ ရွေးကောက်ပွဲ အသစ် ကို နွေနှောင်းကာလ မှာ ခေါ်ယူဖို့ ပဲ ရှိပါတော့ တယ် လို့ သမ္မတက ပြောပါတယ်။

ဒီအခါမှာ အီတလီ ရဲ့ ပြိုင်ဘက် အဓိက ပါတီ ကြီး နှစ်ခုဖြစ်တဲ့ Five Star Movement ပါတီ နဲ့ ပြည်ပမှ တရားမဝင် ခိုလှုံသူတွေ ကိုဆန့်ကျင်တဲ့ League Party တို့ က ပထမ အကြံပြုချက် ကို စိတ်ဝင်စားခြင်း မရှိဘဲ ဒုတိယ ကမ်းလှမ်းချက် ဖြစ်တဲ့ ရွေးကောက်ပွဲ အသစ် ကိုသာ လိုလားကြပါတယ်။

အီတလီနိုင်ငံ အနေနဲ့ အစိုးရ သစ် ရှိဖို့ လိုနေပြီ ဖြစ်တာ ကြောင့်မို့ ပါတီ ကို ညွန့်ပေါင်း အစိုးရ တရပ် ဦးကဆောင်ဖွဲ့ခွင့် ပေးဖို့ သမ္မတ ကို ခွင့်တောင်းရမှာပါ ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ ပါတီ ဟာ မဲ အပြတ်အသတ် အနိုင်မရ ခဲ့ပေမယ့် တခြားပါတီတွေ နဲ့ နှိုင်းစာ ရင်တော့ မဲ အများစု ရခဲ့တာပါ လို့ စောစောပိုင်းကတော့ လက်ယာ အစွန်းရောက် League Party ခေါင်းဆောင် မက်တေးအိုးဆယ်လ်ဗီးနီ ကပြောပါတယ်။

ဒါပေမဲ့ ဖြစ်နိုင်ခြေ အများဆုံး ရှိတာကတော့ ရွေးကောက်ပွဲ အသစ် ကျင်းပရေးသာ ဖြစ်တယ်လို့ ရောမမြို့ က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ