မဲပေးမယ့် ပြည်သူတွေ စိတ်ကြိုက်မဲပေးဖို့ ကိုယ်ဝန်ဖျက်တဲ့ကြော်ငြာ Google ပိတ်

  • 10 မေ 2018
ဓာတ်ပုံ မူပိုင် Reuters

အိုင်ယာလန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ကျင်းပဖို့ ရှိနေတာကြောင့် ဒီဆန္ဒခံယူပွဲနဲ့ ဆက်နွယ်နေတဲ့ ကြော်ငြာတွေကို Googleက ပိတ်ထားလိုက် ပါတယ်။

ဒါအပြင် Googleရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Youtubeကနေလည်း ဒီကြော်ငြာတွေကို မေ ၁၀ ရက်နေ့ကနေ ပိတ်ထားမယ်လို့ ဆိုပါတယ်။

ဆန္ဒခံယူပွဲမှာ မဲပေးမယ့် ပြည်သူတွေအပေါ် တစုံတရာ လွမ်းမိုးမှုမရှိဘဲ ဆန္ဒခံ ယူပွဲကို ဂုဏ်သိက္ခာ ရှိရှိ ကျင်းပဖို့ အခုလို ပိတ်ပင်လိုက်တာ လို့လည်း Googleက ထုတ်ပြန်ပါတယ်။

အိုင်ယာလန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာကို တားမြစ်ထားပြီး မမွေးရသေးတဲ့ ကလေးတွေအတွက် အသက်အခွင့်အရေးဆိုတဲ့ အခြေခံဥပဒေပါ စာပိုဒ်ကို ပြင်ဆင်မလားဆိုတာ မေလ ၂၅ ရက်နေ့မှာ လူထု ဆန္ဒခံယူဖို့ရှိနေပါတယ်။

Facebookကလည်း အလားတူ ဒီဆန္ဒခံယူပွဲနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံရပ်ခြားက ကြော်ငြာတွေကို ပိတ်ထားမယ်လို့ မေလ ၈ ရက်က ကြေညာပါတယ်။

သန်းချီတဲ့ Facebook အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို နိုင်ငံရေး ရည်ရွယ် ချက်ရှိရှိနဲ့ Cambridge Analytica ကုမ္ပဏီက တလွှဲအသုံးပြုခဲ့သလို ရုရှားနောက်ခံပေးထားတဲ့ ကြော်ငြာတွေက အမေရိကန် သမ္မတ ရွေးကောက်ပွဲကို လွမ်းမိုးခဲ့တယ်ဆိုတဲ့ စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး လူမှုကွန်ရက် မီဒီယာတွေက ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဆိုပြီး ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ဒါကြောင့် လူမှုကွန်ရက် မီဒီယာ ကုမ္ပဏီတွေ ပွင့်လင်းမြင်သာမှု ရှိဖို့ ဖိအားတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အိုင်ယာလန်ရဲ့ ဆန္ဒခံယူပွဲ ရလဒ်ကို စိတ်ကြိုက်ပုံစံမျိုးထွက်လာအောင် နိုင်ငံရပ်ခြား အဖွဲ့တွေက လုပ်ဆောင်နေတယ်ဆိုပြီး အိုင်ယာလန် အချက်အလက် ကာကွယ်ရေး ကော်မရှင်နာ Helen Dixon က ပြီးခဲ့တဲ့ ဧပြီလတုန်းက စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်ထားပါတယ်။

မြောက်အမေရိကကနေ ငွေကြေး အထောက်အပံ့ကောင်းကောင်း ပေးထားတဲ့ ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး အုပ်စုတွေရဲ့ စည်းရုံးလှုပ်ရှားမှုက လူထုဆန္ဒခံယူပွဲ အပေါ် အဆုံးအဖြတ်ပေး နိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြနေပါတယ်။

နိုင်ငံရပ်ခြားအဖွဲ့တွေကိုလည်း စည်းရုံးလှုပ်ရှားတဲ့သူတွေကို ငွေကြေးထောက်ပံ့ တာကိုလည်း ရွေးကောက်ပွဲ ဥပဒေက တားမြစ်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ