နျူကင်းစင်ရေး လုပ်ရင် စီးပွားရေး ကူမယ်လို့ ကန်ကမ်းလှမ်း

  • 12 မေ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး လုပ်ဆောင်ဖို့ သဘောတူမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ စီးပွားရေး ဖွံ့ဖြိုးလာအောင် ပြန်လည် လုပ်ဆောင်ဖို့ အကူအညီပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောပါတယ်။

တလောက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်နဲ့ တွေ့ဆုံခဲ့မှုဟာ နွေးထွေးပြီး ထိရောက်မှု ရှိလှတယ်လို့ မစ္စတာ ပွန်ပေယို က ဆိုပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Kang Kyung - Wha နဲ့ ဝါရှင်တန်မြို့မှာ အစည်းအဝေး ကျင်းပပြီးနောက် သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

နျူကလီးယား ကင်းစင်ရေးနဲ့ ပတ်သက်လို့ တိကျ ခိုင်မာတဲ့ နောက်ထပ် ခြေလှမ်းတွေ လုပ်ဆောင်မယ်ဆိုတာကို မြောက်ကိုရီးယားဖက် ကတိပေးတာ မြင်လိုတယ်လို့ Kang Kyung - Wha က ပြောပါတယ်။

နျူကလီးယား ကင်းစင်ရေး ဆိုင်ရာ ဘယ်သဘောတူညီချက်မျိုးအတွက် မဆို လျှင်မြန်ပြီး ထက်မြက် လှတဲ့ နိုင်ငံတကာစစ်ဆေးရေး အစီအစဉ်တွေ ချမှတ်ဖို့ လိုတယ်လို့လည်း သူက ထပ်လောင်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင်မစ္စတာ ပွန်ပေယိုက လာမယ့်လ သမ္မတ ထရမ့်နဲ့ မစ္စတာ ကင်မ်တို့ သမိုင်းဝင် တွေ့ဆုံနိုင်ဖို့ အပေးအယူ အနေနဲ့ မြောက်ကိုရီးယားက အမေရိကန် အကျဉ်းသားသုံးယောက်ကို လွှတ်ပေးလိုက်တာ လို့ ဆိုပါတယ်။

အင်အားချိနဲ့နေတဲ့ စီးပွားရေး တိုးတက်ဖို့အရေးဟာ သူတို့ တိုင်းပြည်အတွက် ထိပ်တန်း ဉီးစားပေး ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် က အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။