ပဲရစ်မှာ ဓားနဲ့တိုက်ခိုက်လို့ လူတယောက်သေဆုံး

  • 13 မေ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ခိုက်မှု ဖြစ်ပွားရာနေရာကို ရဲက စစ်ဆေးနေစဉ်

ပြင်သစ်နိုင်ငံ အော်ပရာ အရပ်မှာ လူတယောက်က ဓားနဲ့လိုက်ထိုးလို့ လမ်းသွားလမ်းလာတယောက်သေဆုံးပြီး နောက်ထပ် လေးယောက်ဒဏ်ရာရခဲ့ပါတယ်။

ပဲရစ်မှာ အော်ပရာအရပ်ဟာ ညဘက်အချိန်မှာ စည်ကားလေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ စနေညနေဘက် အချိန်အတွင်း လူတယောက်က တွေ့ရာလူတွေကို ဓားနဲ့လိုက်ထိုးသွားတာဖြစ်ပါတယ်။

လူအများဟာ တိုက်ခိုက်တဲ့ အန္တရာယ်ကလွတ်မြောက်အောင် စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေထဲ ဝင်ပြေးကြပါတယ်။

အတိုက်ခိုက်ခံရသူတယောက်သေဆုံးပြီး နောက်ထပ် ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၄ ယောက်အနက် ၂ ယောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။

တိုက်ခိုက်သူကို ရဲက ပထမကျင်စက်နဲ့ တို့ပြီး ဖမ်းဆီးဖို့ကြိုးစားပါတယ်။ မအောင်မြင်တဲ့အခါမှာ သေနတ်နဲ့ နှစ်ချက်ပစ်ပြီး သတ်လိုက်တယ်လို့ France24 သတင်းမီဒီယာက သတင်းထုတ်ပြန်ပါတယ်။

ရဲရဲ့ တုန့်ပြန်ဆောင်ရွက်မှုဟာ အလွန်ကောင်းတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂျဲရတ် ကိုလမ့်ဘ် ကချီးကျူးပြောဆိုပါတယ်။

ပြင်သစ် ရဲတပ်ဖွဲ့ကတော့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ထုတ်ပြန်တဲ့ သတင်းတွေကိုသာ တွတ်တာမှာ ဖြန့်ဝေကြဖို့ ကောလာဟလ တွေကို မဖြန့်ကြဖို့ သတိပေးပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပြင်သစ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ အခါခါဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်ဟာ အဆင့်မြင့်တပ်လှန့်မှုတွေ လုပ်ထားခဲ့ပါတယ်။

အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒါဟာ အိုင်အက်စ်ရဲ့ လက်ရာလို့ တချို့က ပြောဆိုမှုတွေရှိပေမယ့် အတည်မပြုနိုင်ပါဘူး။

ဆက်စပ် အကြောင်းအရာများ