အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်လို့ တောင်နဲ့ဆွေးနွေးပွဲ မြောက်ကိုးရီးယား ဖျက်

  • 16 မေ 2018
ဓာတ်ပုံ မူပိုင် Getty Images

တောင်ကိုးရီးယားနိုင်ငံနဲ့ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကို မြောက်ကိုရီးယားက ဖျက်သိမ်းလိုက်ပါတယ်။

မြောက်ကိုးရီးယား အစိုးရ သတင်းအေဂျင်စီ KCNA မှာ ဖော်ပြချက် အရဆိုရင် ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ ပူးတွဲ စစ်ရေးလေကျင့်မှုကို ကန့်ကွက်တဲ့ အနေနဲ့ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ဇွန် ၁၂ ရက်ကျရင် စင်ကာပူနိုင်ငံမှာ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ပထမဆုံး အကြိမ် သမိုင်းဝင် ထိပ်သီးညီလာခံ အပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်တယ် လို့ ဆိုထား ပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကတော့ လာမယ့် ထိပ်သီး အစည်းအဝေးကို ခြိမ်းခြောက်နိုင်တဲ့ သတင်း ဘာမှ မရသေးဘူးလို့ ပြောပါတယ်။

အခု လုပ်ဆောင်နေတဲ့ စစ်ရေး လေ့ကျင့်မှုမှာ စစ်လေယာဉ်စင်းရေ ၁၀၀ ပါဝင်တဲ့ အနက် ဘီ ၅၂ ဗုံးကြဲ လေယာဉ်တွေနဲ့ F 15 K ဂျက်တိုက် လေယာဉ်တွေလည်း ပါဝင်နေပါတယ်။

အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ ပူးတွဲ စစ်ရေးလေ့ကျင့်နေတာလည်း ၁၉၅၃ ခုနှစ်ကတည်းက ပြည်ပရန်ကာကွယ်ရေးအတွက် ရည်စူးပြီး သဘောတူ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားကတော့ ရန်စကျူးကျော်လိုတာကြောင့် စစ်ရေးလေ့ကျင့်တာလို့ ပြောပါတယ်။