ထရမ့်နဲ့တွေ့မယ့်ပွဲဖျက်ဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်

  • 16 မေ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ထရမ့်နဲ့ကင်တို့ တွေ့ဆုံဖို့ စီစဉ်ထား

နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ အမေရိကန်က တဘက်သတ် အတင်းအကျပ် ပြောဆိုနေရင် စင်္ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမယ့်ပွဲကို ပြန်စဉ်းစားမယ်လို့ မြောက်ကိုရီးယားက ပြောဆို လိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ထရမ့်ဟာ လာမယ့် ဇွန်လ ၁၂ ရက်မှာ တွေ့ဆုံဖို့ရှိပါတယ်။

''အမေရိကန်က ကျွန်တော်တို့ကို နျူကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်ဖို့ တဖက်သတ် ပြောနေ ရင် သူတို့နဲ့ ဆွေးနွေးဖို့ စိတ်ဝင်စားတော့မှာမဟုတ်ဘူး။ မြောက်ကိုရီးယားနဲ့ အမေရိကန် ထိပ်သီး အစည်းအဝေး ကိုလည်း တက်၊ မတက် ကျွန်တော်တို့ ပြန်ပြီးစဉ်းစားရမှာဖြစ်ပါတယ်''လို့ မြောက်ကိုရီးယားရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kim Kye-gwan က မြောက်ကိုရီးယားအစိုးရသတင်း အေဂျင်စီ KCNA ကိုပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိန်းသိမ်းထားတဲ့ အမေရိကန်တွေကို မြောက်ကိုရီးယား ပြန်လွှတ်

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ တွေ့ဆုံမယ့်ပွဲအပေါ် အများကြီးမျှော်လင့်ထားပြီး ဒီတွေ့ဆုံပွဲ ဟာ ကိုရီးယား ကျွန်းဆွယ်ပြဿနာကို ဖြေလျှော့နိုင်မယ့်အပြင် ကောင်းမွန်တဲ့အနာဂတ်တခုကို တည်ဆောက်ဖို့ ကြီးမားတဲ့ ခြေလှမ်းတခုအဖြစ် ယူဆတယ်လို့ မြောက်ကိုရီးယားရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဒါပေမဲ့ တွေ့ဆုံပွဲဖြစ်မလာခင်မှာ အမေရိကန်က အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်တွေ ပြုလုပ်နေတာဟာ စိတ်မကောင်းစရာ ပဲလို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယား နျူးကလီးယား စက်ရုံကို စစ်ဆေးနေတဲ့ ကင်ဂျုံအွန်း

တောင်ကိုရီးယားနဲ့အမေရိကန်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်တဲ့ အနေနဲ့လည်း မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်တခုကို ဖျက်သိမ်း လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရ Heather Nauert ကတော့ လာမယ့်ထိပ်သီးအစည်းအဝေးကို ခြိမ်းခြောက်နိုင်တဲ့သတင်း ဘာမှ မရသေးဘူးလို့ ပြောပါတယ်။

ကင်ဂျုံအွန်း နဲ့ ဒေါ်နယ် ထရမ့် တို့ စင်္ကာပူမှာ တွေ့ကြမယ့် ထိပ်သီး ဆွေးနွေး ပွဲ ကို ဖျက်သိမ်း မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆို မှုတွေ လုပ်ခဲ့ရတာ က အမေရိကန် ရဲ့ လုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန် ကြောင့် ဆိုပြီးတော့ မြောက်ကိုရီးယား တို့ က ပြစ်တင် ဝေဖန် ခဲ့ပါတယ် ။

မစ္စတာ ဘော်လ်တန် က မြောက်ကိုရီးယား တို့ အနေနဲ့ နျူကလီးယား အစီအစဉ် တွေကို အရင် ဖျက်သိမ်း၊ ပြီးမှ အမေရိကန် ရဲ့ အကူအညီ အထောက် အပံ့ တွေ ရနိုင် မယ်ဆိုပြီးတော့ ပြောဆို ခဲ့တာပါ။

ဒါ့အပြင် လစ်ဗျား နိုင်ငံ ရဲ့ နျူကလီးယား ဖျက်သိမ်းတဲ့ အစီအစဉ် ကို မြောက်ကိုရီးယား တို့ နမူနာ ယူသင့်တယ်လို့ သူက ဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Mark Wilson
Image caption အမေရိကန် လုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန်

အဲဒီနောက်မှာ စီးပွားရေး အထောက်အပံ့တွေ ရရှိခဲ့ပြီးမှ အမေရိကန် နဲ့ ပုံမှန် ဆက်ဆံရေး ကို ရရှိခဲ့တာ ဖြစ်တယ်လို့ မေးမြန်း ခန်း တခုမှာ ပြောဆို ခဲ့ပါတယ်။

၂ဝဝ၃ ခုနှစ် နဲ့ ၂ဝဝ၄ ခုနှစ် တုန်း က လစ်ဗျား တို့ရဲ့ ဆောင်ရွက်ချက် ကို နမူနာယူရပါမယ်။ လစ်ဗျား က နိုင်ငံတကာ အဖွဲ့ တွေကို သူ့ရဲ့ နျူကလီးယား စီမံကိန်း နေရာတွေကို ဝင်ခွင့် စစ်ခွင့် ပေးခဲ့ပါတယ်။ နိုင်ငံတကာရဲ့ လစ်ဗျား အပေါ် ထားတဲ့ မယုံကြည် နိုင်ခြင်း တွေကို လစ်ဗျား တို့က ချေဖျက် ခဲ့ပါတယ် လို့ ပြောဆို ခဲ့တာပါ။

မြောက်ကိုရီးယား တို့ အနေနဲ့ မျှော်လင့်ချက် ကြီးကြီးထားခဲ့ပေမယ့် အမေရိကန်တို့ က မဖြစ်နိုင်တဲ့ တောင်းဆိုမှု တွေကို ဆွေးနွေးပွဲ မတိုင်ခင် ကြေညာ ခဲ့တယ်လို့ မြောက်ကိုရီးယား တို့ က ပြစ်တင် ပါတယ်။

ဒီလို တဘက်နဲ့ တဘက် မကျေမလည် ဖြစ်နေတဲ့ ကိစ္စ ကို အမြန်ဆုံး ထိန်းသိမ်းဖို့ တရုတ် နိုင်ငံက တောင်းဆို ခဲ့ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား တို့ အနေနဲ့ ရိုးသားမှု၊ အပြန်အလှန် ရင်းနှီးမှု ကို ပြပြီး ယုံကြည်မှု ကို အထောက်အကူ ပြုစေတဲ့ အခြေအနေ ကို ဖန်တီး သင့်ပါတယ်။ နျူကလီးယား ကင်းစင်ရေးဟာ ထာဝရ ငြိမ်းချမ်းရေး ကို ဖော် ဆောင် နိုင်မှာ ဖြစ်တယ်လို့ ရုတ် နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့် ရှိသူ လုကန်က ပြောဆိုခဲ့တာပါ။

ဓာတ်ပုံ မူပိုင် YONHAP
Image caption ကိုရီးယား နှစ်ပြည်ထောင် နယ်စပ်တနေရာ

မြောက်ကိုရီးယား တို့က အမေရိကန် သမ္မတ နဲ့ တွေ့ဆုံမယ့် အစီအစဉ် ကို ဖျက်သိမ်း မယ် ဆိုတဲ့ ပြောဆို မှု တွေကို လုပ်ခဲ့ရတာ ကလည်း ထိပ်သီး ဆွေးနွေးပွဲမှာ အမေရိကန် က တဘက်သတ် ဆွေးနွေး လာမှာ ကို တန်ပြန် တာ ဖြစ်နိုင်တယ်ဆိုပြီး နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် တို့ ဘက် က မြောက်ကိုရီးယား တို့ ရဲ့ ကြေညာချက် ကို မသိရှိသေးကြောင်း နဲ့ ဇွန်လ ၁၂ ရက်မှာ တွေ့ဆုံမယ့် နှစ်နိုင်ငံ ခေါင်းဆောင် တွေ တွေ့ဆုံမယ့် ပွဲ အစီအစဉ် က ဆက်ရှိနေတုန်း ပဲ လို့ ဆိုပါတယ်။

သမ္မတ ထရမ့် အစိုးရ အနေနဲ့ ထိပ်သီး ဆွေးနွေး ပွဲက အရေးပါပြီး သူတို့ ရဲ့ မြောက်ကိုရီးယား အပေါ်မှာ တင်းတင်းကျပ်ကျပ် အရေးယူ တဲ့ မူဝါဒ ကို စမ်းသပ် လိုက်တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် လော်ရာ ဘက်ကာ က သုံးသပ် ခဲ့ပါတယ် ။