ချဲလ်ဆီးပိုင်ရှင် Abramovich အစ္စရေးနိုင်ငံသား လျှောက်

  • 28 မေ 2018
ဓာတ်ပုံ မူပိုင် AFP

အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီး ကလပ်အသင်းပိုင်ရှင် ရုရှား ဘီလျံနာ Roman Abramovichဟာ အစ္စရေး နိုင်ငံသား လျှောက်ထားဖို့ အစ္စရေးနိုင်ငံ Tel Avivမြို့ကို ရောက်ရှိနေပါတယ်။

ရုရှားနဲ့ ဗြိတိန်တို့အကြား သံတမန်ရေး တင်းမာမှုတွေကြောင့် ဗြိတိန်မှာ ဗီဇာ သက်တမ်း ဆက်တိုးလို့မရတဲ့အတွက် အစ္စရေးနိုင်ငံကို သွားရောက်ပြီး နိုင်ငံသား ဖြစ်ခွင့်လျှောက်ထားတယ်လို့ ဆိုပါတယ်။

အရင်တပတ်က ရုရှားနိုင်ငံ မော်စကိုမြို့က အစ္စရေး သံရုံးက မစ္စတာAbramovichကို အင်တာဗျူးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး အရာရှိက ဘီဘီစီကို ပြောပါတယ်။

ဂျူးတွေကို အစ္စရေးနိုင်ငံသား ဖြစ်ခွင့်ပြုတဲ့ ဥပဒေအရ မစ္စတာAbramovichကို သက်သေခံ ကဒ်တခု ထုတ်ပေးခဲ့တယ်လို့ အစ္စရေး မီဒီယာတွေမှာ ရေးသားပါတယ်။

အစ္စရေးနိုင်ငံသားအဖြစ် ခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းတွေကိုတော့ မစ္စတာAbramovich ပြောခွင့်ရက တစုံတရာ မှတ်ချက်ပေး ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဓာတ်ပုံ မူပိုင် Reuters

ဗြိတိန်မှာ မစ္စတာ Abramovichရဲ့ ရင်းနှီးမြုပ်နှံသူနဲ့ဆိုင်တဲ့ ဗီဇာက အရင် သီတင်းပတ်တွေက သက်တမ်းကုန်ဆုံးသွားခဲ့ပါတယ်။အစ္စရေးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေဟာ ဗီဇာမလိုဘဲ ဗြိတိန်မှာ ကာလတို နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

မစ္စတာ Abramovichဟာ အစ္စရေးကို မကြာခဏသွားရောက် လည်ပတ်လေ့ရှိသူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က Tel Avivမှာ ဟိုတယ်တလုံး ဝယ်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် ၅၁ နှစ် Abramovichဟာ ဒေါ်လာ ၁၁.၅ ဘီလီယံနီးပါး ပိုင်ဆိုင်တယ်လို့ Forbes မဂ္ဂဇင်းက ဆိုပါတယ်။ ဒါကြောင့် သူသာ အစ္စရေး နိုင်ငံသား ဖြစ်လာမယ်ဆိုရင် အစ္စရေးမှာ အချမ်းသာဆုံး သူဌေးတဦး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလအစောပိုင်းက ချဲလ်ဆီးက မန်ယူကို အနိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို မစ္စတာ Abramovichက လာမကြည့်ခဲ့ပါဘူး။

ဆက်စပ် အကြောင်းအရာများ