ထရမ့်မိသားစုကို နယူးယောက် ရှေ့နေချုပ် တရားစွဲ

  • 15 ဇွန် 2018
Image caption မိသားစုလိုက် အစွပ်စွဲခံရ

အမေရိကန် နယူးယောက်ပြည်နယ်ရဲ့ ရှေ့နေချုပ်က သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ သားသမီး တွေထဲက အကြီးဆုံး ၃ ယောက်ကိုတင်မက မိသားစုပိုင် ထရမ့် ဖောင်ဒေးရှင်း ဆိုတဲ့ ပရဟိတ လုပ်ငန်းအဖွဲ့ကိုလည်း တရားစွဲ လိုက်ပါတယ်။

ထရမ့်မိသားစုဟာ ဥပဒေချိုးဖောက်မှုတွေကို အတော်ကြီးကျယ်တဲ့ ပမာဏ အတိုင်းအတာထိ ကျူးလွန် ခဲ့ကြသလို၊ အဲဒီလို ချိုးဖောက်တာကလည်း တကြိမ်တခါတည်း မဟုတ်ပဲ ဆယ်စုနှစ်ကျော် အချိန်ကာလ အတန်ကြာ ဆက်တိုက် ပြုမူ ခဲ့ကြတာ ဖြစ်တယ်လို့ နယူးယောက် ပြည်နယ် ရှေ့နေချုပ် ဘာဘရာ အန်ဒါဝုဒ်က ပြောပါတယ်။

ပရဟိတလုပ်ငန်း အနေနဲ့ ငွေကြေးတွေ လှူဒါန်းဖို့ ဖွဲ့ထားတဲ့ ထရမ့် ဖောင်ဒေးရှင်းဟာ ငွေတွေကို လက်ခံ ရယူတဲ့ အဖွဲ့အစည်းတွေ တရားဝင်မှု ရှိမရှိ မဆန်းစစ်ရုံမက၊ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ထောင်ထားတဲ့ အဖွဲ့တွေ ဆိုတာကိုလည်း ဂရုမစိုက်ပဲ ငွေတွေ ပေးနေခဲ့တယ်လို့ မစ္စ အန်ဒါဝုဒ်က ဆိုပါတယ်။

မစ္စအန်ဒါဝုဒ်က အဓိက စွပ်စွဲနေတာကတော့ အဲဒီလို ငွေကြေးတွေ ပေးနေ ခဲ့တာဟာ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့တဲ့ ၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲ အတွက် ရည်ရွယ်ပြီး နိုင်ငံရေး ကျားကွက် ရွှေ့မှုတွေ၊ အစီအမံတွေ တင်ကြို ပြုလုပ် နေခဲ့ဖြစ်တယ် ဆိုပြီး ပြောနေတာပါ။

Image caption ဖောင်ဒေးရှင်း အခွန်ကင်းလွတ်ခွင့်တွေကို ကိုယ်ကျိုးအတွက် အသုံးချ
Image caption မဲဆွယ်ဖို့လည်း ဖောင်ဒေးရှင်းကို အသုံးပြုခဲ့

ထရမ့် ဖောင်ဒေးရှင်းရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဝါရှင်တန်ပို့စ် သတင်းစာက ဆက်တိုက်ဆိုသလို ဖော်ပြ လာခဲ့ပြီး နောက်မှာ နယူးယောက်ပြည်နယ် ရှေ့နေချုပ်က အခုလို အရေးယူ ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

ထရမ့် ဖောင်ဒေးရှင်း အကြောင်း ဝါရှင်တန်ပို့စ်ထဲ အဓိက ရေးသားခဲ့သူ ဖြစ်တဲ့ ဒေးဗစ် ဖာရန့်ဟိုးလ်ဒ် ပြောတာက "အဖွဲ့အစည်းတစ်ခုကို ငွေ ထောက်ပံ့ပြီ ဆိုရင်၊ အဲဒီ အဖွဲ့အစည်း ဘာတွေ လုပ်ကိုင် ဆောင်ရွက်သလဲ၊ ဘယ်လို ဘယ်ပုံ လုပ်ကိုင်သလဲ ဆိုတာကို ငွေထောက်ပံ့တဲ့ ဖောင်ဒေးရှင်း ဘက်က ဆန်းစစ် ထိန်းချုပ် ရမှာ ဖြစ်တယ်၊။ ထရမ့် ဖောင်ဒေးရှင်းကတော့ အဲဒီလို ဆန်းစစ် တာမျိုး မလုပ် ခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်ကြောင်း ရှေ့နေချုပ်က ထောက်ပြ နေတာ" လို့ မစ္စတာ ဖာရန့်ဟိုးလ်ဒ်က ပြောပါတယ်။

ဒါ့အပြင် ထရမ့်ဖောင်ဒေးရှင်းကို အသုံးချပြီး ဒေါ်နယ်ထရမ့် အပါအဝင် သူ့သားသမီးတွေ ကလည်း ကိုယ်ကျိုး အတွက် အသုံးချ နေတယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး မစ္စတာ ဖာရန့်ဟိုးလ်ဒ် ရှင်းပြတာကတော့ "ပရဟိတ ဖောင်ဒေးရှင်း နာမည်ခံထားတဲ့ အတွက် ထရမ့် ဖောင်ဒရေးရှင်း အနေနဲ့ အခွန် ကင်းလွတ်ခွင့် တွေ ရခဲ့ပြီး၊ အဲဒီလို ကင်းလွတ်ခွင့်တွေကို အသုံးချလို့ ထရမ့် အပါအဝင် သူ့ သားသမီးတွေဟာ သူတို့ ဝယ်ချင်တာတွေ ဝယ်တာမျိုး၊ သူတို့ စီးပွားရေးမှာ လိုအပ်လာရင် ဖောင်ဒေးရှင်းက ငွေတွေနဲ့ အကြွေးဆပ်တာမျိုးတွေ ပြုလုပ် ခဲ့ကြတယ်" လို့ ဆိုပါတယ်။

Image caption နယူးယောက်ပြည်နယ် ရှေ့နေချုပ်

ဒါ့အပြင်၊ ၂ဝ၁၆ ရွေးကောက်ပွဲကြို မဲဆွယ်ပွဲ ကာလမှာလည်း ထရမ့် ဖောင်ဒေးရှင်းကို အဓိက အသုံးချပြီး နိုင်ငံရေး ထောက်ခံမှုတွေ ရလာအောင်ပြုလုပ် ခဲ့တယ်လို့ နယူးယောက် ပြည်နယ် ရှေ့နေချုပ်က ယူဆ နေပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ထရမ့် ဖောင်ဒေးရှင်းကို ဖျက်သိမ်းပြီး ချိုးဖောက်ခဲ့မှုတွေ အတွက် လျော်ကြေး ဒေါ်လာ ၂.၈ သန်း ပေးဆောင်ဖို့ မစ္စအန်ဒါဝုဒ်က တရားစွဲ လာတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့် အပါအဝင် သားတွေဖြစ်တဲ့ ဒေါ်နယ်ဂျူနီယာနဲ့ အဲရစ်၊ သမီးအိုင်ဗင်ကာတို့ကို နယူးယောက်ပြည်နယ် အခြေစိုက် ဘယ်လို ပရဟိတ အဖွဲ့မျိုးမှာမှ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ထဲ ပါဝင်ခွင့် မပြုတော့ဖို့ အထိ အရေးယူနိုင်အောင် မစ္စအန်ဒါဝုဒ် ရည်ရွယ်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထရမ့် သမ္မတသစ် ကျမ်းကျိန်ပွဲ ဗီဒီယိုလိုက်ဖ်

ဒီ အမှုကိစ္စကို ပြည်တွင်း အခွန်နဲ့ ရွေးကောက်ပွဲ ကော်မရှင် အထိပါ တင်ထားပါတယ်။

ထရမ့် ဖောင်ဒေးရှင်းကတော့ စွပ်စွဲမှုတွေကို ငြင်းဆိုလိုက်ပြီး၊ ပြည်နယ် ရှေ့နေချုပ် မစ္စအန်ဒါဝုဒ်က ဖောင်ဒေးရှင်းရဲ့ လက်ကျန်ငွေ ဒေါ်လာ ၁.၇ သန်းကို ထိန်းချုပ် လိုက်တာဟာ နိုင်ငံရေး ပြန်ပေးဆွဲတာပဲလို့ တန်ပြန် ပြစ်တင် ထားပါတယ်။

မစ္စအန်ဒါဝုဒ်ဟာ အတိုက်အခံ ဒီမိုကရက်ပါတီဝင် တစ်ယောက် ဖြစ်ပါတယ်။

Image caption ထုံးစံအတိုင်း တွစ်တာက တုံ့ပြန်

သမ္မတထရမ့်ကလည်း သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ်မှာ အကျင့်ပျက်နေတဲ့ နယူးယောက် ဒီမိုကရက်တွေ ဆိုပြီး တုံ့ပြန် ထားပါတယ်။

နယူးယောက်ပြည်နယ်ရဲ့ လက်ရှိ ရှေ့နေချုပ် မစ္စအန်ဒါဝုဒ်ဟာ အင်မတန် ထူးချွန်တဲ့ စုံစမ်းရေး သမား ဖြစ်သလို၊ တရားစွဲဆိုခွင့် အာဏာလည်း အပြည့် ရှိတာကြောင့် ထရမ့်နဲ့ ပတ်သက်ပြီး သူကိုင်တွယ်လာပြီ ဆိုရင် နောက်ဆက်တွဲ တွေ့ရှိချက်တွေ ထပ်ထွက် လာနိုင်သေးတယ် ဆိုပြီး မြောက် အမေရိက ဆိုင်ရာ ဘီဘီစီသတင်းထောက် အန်ထနီ သုံးသပ်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ