ဆီးရီးယားက သေဆုံးသူတွေ အနီးကပ် သတ်ဖြတ်ခံရတာဖြစ်

  • 29 မေ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသူ တရာကျော်ထဲမှာ နှစ်ဆယ်လောက်ပဲ အပြန်အလှန် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြ

ဆီးရီးယား နိုင်ငံက ဟူလာမြို့မှာ လူတွေ အစုလိုက် သတ်ခံရမှုကို စုံစမ်းစစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက၊ ကလေး တော်တော်များများ အပါအဝင် သေဆုံးသူတွေ ထဲက အများစုဟာ အနီးကပ် သတ်ဖြတ် ခံခဲ့ ရတာကို တွေ့ရတယ်လို့ ပြောလိုက်ပါတယ်။

ဆီးရီးယားမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အပစ်ရပ် စောင့်ကြည့်ရေး အဖွဲ့ဝင်တွေက သေဆုံးသူ တရာကျော် ထဲမှာ နှစ်ဆယ်လောက်ပဲ အပြန်အလှန် ပစ်ခတ်မှုတွေကြား ထိမှန် သေဆုံးခဲ့ကြတယ် ဆိုတာ တွေ့ခဲ့ရတယ် လို့ ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

မျက်မြင်သက်သေတွေ ကတော့ အခု သတ်ဖြတ်မှုတွေကို အစိုးရ လိုလားတဲ့ လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်ခဲ့ကြတယ်လို့ ပြောခဲ့ကြကြောင်း ကုလသမဂ္ဂ အရာရှိက ဆိုပါတယ်။

အဲဒီသတ်ဖြတ်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ ပြင်သစ်နဲ့ ဂျာမနီက သူတို့နိုင်ငံတွေမှာ ရှိတဲ့ ဆီးရီးယား သံအမတ်ကြီးတွေကို နှင်ထုတ်ကြမယ်လို့ ပြောပါတယ်။ သြစတြေးလျ ကလဲ စောစောပိုင်းက ဆီးရီးယား သံတမန် တချို့ကို နှင်ထုတ်ခဲ့ ပါတယ်။

ဆီးရီးယားမှာ အပစ်ရပ်ရေး အစီအစဉ်ကို ဦးဆောင် ရေးဆွဲခဲ့သူ နိုင်ငံတကာ သံတမန် ကိုဖီအာနန်လဲ ဒီကနေ့ ဒမတ်စကပ်မှာ ရောက်နေပြီး သမ္မတ ဘာရှာ အာဆတ်နဲ့ နှစ်နာရီ ကြာဆွေးနွေးခဲ့ပါတယ်။

မစ္စတာ အာနန်ကတော့ သမ္မတကို သူတင်ပြထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာဖို့ ကြိုးစား စည်းရုံးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ