လိုင်ဘီးရီးယားသမ္မတဟောင်းအား ထောင်ဒဏ်၅၀ချမှတ်

  • 30 မေ 2012
Charles Taylorကိုအမှုစစ်နေစဉ် ဓာတ်ပုံ မူပိုင် AFP
Image caption Charles Taylorကိုအမှုစစ်နေစဉ်

၁၉၉၁ ကနေ ၂၀၀၂ ခုနှစ်ထိ Sierra Leone မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ Revolutionary United Front သူပုန်တွေဖက်က အထောက်အပံ့ပေးပြီး အားပေးကူညီ ခဲ့တာ ပြစ်မှု ထင်ရှားတဲ့ အတွက် ပြီးခဲ့တဲ့ လ ကပဲ Charles Taylor ကိုအပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

တရားလိုဘက်က စွပ်စွဲချက်တွေထဲမှာတော့ ဒီ RUF တပ်ဖွဲ့တွေက အပြစ်မဲ့ ပြည်သူအမြောက်အမြားကို သတ်ဖြတ်ခဲ့တဲ့ အပြင် ၁၀ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း မငြိမ်သက်မှုမှာလည်း ဒီသူပုန်တွေက အကြမ်းဖက်မှုများစွာကို ကျူးလွန်ခဲ့ကြောင်း၊ ဒီ RUF သူပုန်တွေကို လက်နက်အကူအညီပေးပြီး စိန်တွေနဲ့ အပေးအယူလုပ်ခဲ့တယ်လို့ ပါရှိပါတယ်။ ပြစ်မှုအားလုံးအတွက် အနှစ် ၈၀ ထောင်ချဖို့ တောင်းဆိုတာပါ။ ဒါပေမယ့် ICC က အနှစ် ၅၀ ထောင်ချဖို့ စီရင်ချက် ချလိုက်တာပါ။

သမ္မတ ဟောင်း Charles Taylor ဟာ ဒီပြစ်မှု ကျူးလွန်ခဲ့တဲ့ အချိန်တုန်းက နိုင်ငံခေါင်းဆောင်တယောက် ဖြစ်နေခဲ့တဲ့ အတွက် ဒီလုပ်ရပ်ဟာ နိုင်ငံနဲ့ပြည်သူတွေကို သစ္စာဖောက်တာ ဖြစ်တယ်လို့ တရားသူကြီးတွေက ပြောပါတယ်။ ဒီပြစ်မှုနဲ့ ပတ်သက်ပြီး ဦးဆောင် တရားသူကြီး Richard Lussick က Charles Taylor ရဲ့ လုပ်ရပ်ဟာ လူ့သမိုင်းမှာ ကျူးလွန်ခဲ့တဲ့ အလွန်စက်ဆုတ် ယုတ်မာတဲ့ ပြစ်မှုတွေထဲက တခုဖြစ်တယ်လို့ ဦးဆောင် တရားသူကြီး Richard Lussick က ပြစ်ဒဏ်ချမှတ်တဲ့ အချိန်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တရားခံရှေ့နေကတော့ Charles Taylor က သူပုန်တွေကို ထောက်ပံခံတာဟာ ဦးဆောင်တာ မဟုတ်ဘူး ဒါကြောင့် အခု ပြစ်ဒဏ်ဟာ ဘက်လိုက်မှုရှိတဲ့ လွန်ကဲတဲ့ ပြစ်ဒဏ်လို့ တုန့်ပြန် လိုက်ပါတယ်။

ဒီအမှုမှာ ထူးခြားတခုရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း နာဇီစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်စီရင်ခဲ့ဖူးတဲ့ နောက်ပြိုင် သမ္မတ ဟောင်း Charles Taylor ဟာ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးသော နိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်ဟောင်းတယောက်ပဲ ဖြစ်ပါတယ်။

ဒီပြစ်ဒဏ်အတွက် သမ္မတ ဟောင်း Charles Taylor က အယူခံဝင်ဖို့များပါတယ်။ အယူခံဝင်ဖြစ်ရင်တော့ ဒီအမှုက နောက်ထပ် ၆ လ လောက် ကြာအုံးမှာဖြစ်ပါတယ်။