ဆီးရီးယား အရေး နှစ်ဘက်လုံးက တင်းမာ

  • 31 မေ 2012
syria
Image caption အာနန် စီမံကိန်း ရေစုံမျောပီလား

အကြမ်းဖက် သတ်ဖြတ်မှု တွေ ဆက်ပီး ကျူးလွန် နေရင် ဆီးရီးယား အစိုးရ နဲ့ အတိုက်အခံ ကြား စေ့စပ် ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ လုံခြုံရေး ကောင်စီက ကြားနာ ခဲ့ပါတယ်။

အတိုက်အခံ ဘက်က အကြောက်အလန့် မရှိဘူး၊ ဒါပေမယ့် အဖွဲ့အားလုံးက အပြည့်အဝ အပစ်အခတ် ရပ်စဲရေး အတွက် ဆန္ဒရှိဖို့ အရေးကြီးပီး ဆီးရီးယားမှာ ပြည်တွင်းစစ်ကြီးသာ တကယ်ဖြစ်လာခဲ့ရင် ကပ်ဆိုက် ကုန်လိမ့်မယ်လို့ လက်ထောက် အထူး ကိုယ်စားလှယ် ယန်း မာရီ ဂေနိုက ဆိုပါတယ်။

အမေရိကန် သံအမတ် ကလဲ ဒေသတွင်း ပဋိပက္ခ အရှိန်တက် လာမှာကို သတိပေး ခဲ့ပါတယ်။

ဆီးရီးယားက လက်နက်ကိုင် အကြမ်းဖက် တွေကို တခြား နိုင်ငံ တွေက ထောက်ပံ့နေတယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ ဆီးရီးယား သံအမတ်က ဆိုပါတယ်။

၄၈ နာရီ အတွင်း ဆီးရီးယား မြို့ရွာတွေ ထဲက အစိုးရ တပ်တွေ ဆုတ် မပေးဘူး ဆိုရင် နိုင်ငံတကာ ငြိမ်းချမ်းရေး အစီအစဉ်ကို သူတို့ ဘက်ကလဲ လိုက်နာမှာ မဟုတ်ဘူးလို့ ဆီးရီးယား လွတ်မြောက်ရေး သူပုန်တပ်က ကြေညာ ခဲ့ပါတယ်။

အင်တာနက်မှာ တင်ထားတဲ့ ဗီဒီယို ဖိုင်တခုမှာ သောကြာနေ့ ဒေသ စံတော်ချိန် နေ့မွန်းတည့်မှာ အစိုးရ ဘက်က လိုက်နာဖို့ ပျက်ကွက်မယ် ဆိုရင် သူပုန်တပ် တွေ ဘက်က ဘာအတွက်နဲ့မှ အပစ်အခတ် ရပ်စဲရေးကို တဘက်သတ် လိုက်နာဖို့ မဖြစ်နိုင်ဘူးလို့ သူပုန် အရာရှိ တယောက်က ဆိုပါတယ်။

ကုလ သမဂ္ဂ နဲ့ အာရပ် အဖွဲ့ချုပ် အထူးသံတမန် ကိုဖီ အာနန် တင်ပြတဲ့ ငြိမ်းချမ်းရေး စီမံကိန်းပါ ပြဋ္ဌာန်းချက် တွေ အားလုံးကို အစိုးရက လိုက်နာရမယ်လို့ သူပုန်ဘက်က ဆိုပါတယ်။