တိဘက်မီးရှို့ဆန္ဒပြမှုအပြီး လူအများအပြား ထိန်းသိမ်းခံရ

  • 31 မေ 2012
ဓာတ်ပုံ မူပိုင် AP
Image caption မီးရှို့ ဆန္ဒပြမှုအပြီး ဖမ်းဆီးခံရသူပေါင်း ၆၀၀ ကျော် သွားပြီလို့ သတင်းတွေကဆို

တိဘက်ပြည်နယ် လာဆာမြို့တော်မှာ တနင်္ဂနွေနေ့က ကိုယ့်ကိုကိုယ် မီးရှို့ ဆန္ဒပြမှုနှစ်ခု ဖြစ်ပွားခဲ့အပြီး တရုတ် လုံခြုံရေး တပ်ဖွဲ့တွေက လူအများအပြားကိုဖမ်းဆီးခဲ့တယ်လို့ သတင်းတွေ အရ သိရပါတယ်။

အဲဒီ မီးရှို့ဆန္ဒပြမှုတွေကို လာကြည့်တဲ့ သူတွေလည်း အဖမ်းခံရတဲ့အထဲမှာ ပါပြီး လာဆာမြို့အပြင်က လူတွေကိုလည်း မြို့ထဲက ထွက်ခိုင်းခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တရုတ် အစိုးရ ဆန့်ကျင် ဆန္ဒပြမှုလို့ ယူဆရတဲ့ အဲဒီ ဆန္ဒပြမှုတွေအတွင်း တိဘက်လူမျိုး နှစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့ခဲ့ကြတာပါ။

ဒီလို မီးရှို့ ဆန္ဒပြမှုမျိုး အတော်များများ တိဘက်ပြည်နယ် ပြင်ပမှာ ဖြစ်ခဲ့ဖူးပေမယ့် လာဆာမြို့တော်မှာတော့ ဒါပထမဆုံး ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြခဲ့သူ နှစ်ဦးထဲက တဦး သေဆုံးသွားခဲ့ပြီး ကျန်တဲ့ တဦးက ဒဏ်ရာတွေနဲ့ အသက်ရှင် ကျန်ခဲ့တယ်လို့ ရှင်ဝှာ သတင်းဌာနက ပြောပါတယ်။

အဲဒီလူနှစ်ဦးစလုံးဟာ တိဘက်ပြည်နယ် ပြင်ပက တိဘက်လူမျိုးတွေလို့ သတင်းတွေက ဆိုပါတယ်။

တနင်္ဂနွေနေ့တုန်းက အဲဒီ မီးရှို့ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး နောက်ပိုင်းလာဆာမြို့မှာ ထိန်းသိမ်းခံခဲ့ရသူ တိဘက်လူမျိုး ၆၀၀လောက် ရှိမယ်လို့ ခန့်မှန်းရကြောင်း အမေရိကန် Radio Free Asia အသံလွှင့်ဌာနက ဖေါ်ပြခဲ့ပါတယ်။

အဲဒီနေရာကို နိုင်ငံခြား သတင်းမီဒီယာတွေ လာရောက် သတင်းယူခွင့် ပိတ်ပင် ထားတာမို့ သတင်းအချက်အလက် ရဖို့ အတော်လေး အခက်အခဲ ရှိတာမို့ ထိန်းသိမ်းခံရသူ အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။

ဒါပေမယ့် လာဆာမြို့မှာ အဖမ်းအဆီးတွေ ရှိခဲ့တယ် ဆိုတာကိုတော့ အဲဒီက အဆက်အသွယ်တွေနဲ့ စကားပြောခဲ့တဲ့ Dharamsala က အဝေးရောက် တိဘက်အစိုးရ အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Thubten Samphel က ပြောပါတယ်။

လာဆာမြို့မှာ ရှိတဲ့ အစိုးရရရုံးဌာန ၃ခုကို ဘီဘီစီက ဖုန်းဆက် မေးခဲ့ပေမယ့် ဖုန်းမကိုင်ကြပဲ ဖုန်းကိုင်တဲ့ ဌာနကလည်း သူတို့ဘာမှ မသိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

၂၀၁၁ခုနှစ် မတ်လကစလို့ ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေသူ တိဘက်လူမျိုး ၃၀ ကျော်ရှိခဲ့ပါပြီ။

အများစုဟာ ဘုန်းကြီးငယ်တွေနဲ့ မယ်သီလရင်ငယ်တွေ ဖြစ်ကြပြီး အတော်များများ သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီမီးရှို့ဆန္ဒပြမှုတွေ ဖြစ်လာအောင်နဲ့ တိဘက်ပြည် ခွဲထွက်ရေး တောင်းဆိုအောင် တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားက သွေးထိုး လှုံ့ဆော်ပေးနေတယ်လို့ တရုတ် အစိုးရခေါင်းဆောင်တွေက ပြစ်တင် ပြောဆိုနေပါတယ်။

ဘုန်းတော်ကြီး ဒလိုင်လားမားကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။

အခုလို ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြမှုတွေဟာ တိဘက်ဒေသကို တရုတ်အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားမှုနဲ့ ဘာသာရေး ဖိနှိပ်မှုတွေအပေါ် ကန့်ကွက် ဆန္ဒပြကြတာ ဖြစ်တယ်လို့ အခွင့်အရေး တောင်းဆို လှုပ်ရှားသူတွေနဲ့ အဝေးရောက် တိဘက် အစိုးရအဖွဲ့က ပြောနေပါတယ်။