ကမ္ဘာ့ စီးပွားရေး ညီလာခံ စတင်

ဓာတ်ပုံ မူပိုင် bbc

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရှေ့ အာရှ ဆိုင်ရာ World Economic Forum ကမ္ဘာ့ စီးပွားရေး ညီလာခံရဲ့ ဆွေးနွေးပွဲတွေကို ဒီကနေ့မှာ စကျင်းပခဲ့ရာမှာ ထိုင်းဝန်ကြီးချုပ် Ying Luck Shinawat တက်ရောက် မိန့်ခွန်းပြောကြားခဲ့ ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီကနေ့ မနက်ပိုင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့ ပါတယ်။

World Economic Forum ဆိုတာ ကတော့ ကမ္ဘာ့ စီးပွားရေး ပြဿနာတွေကို အားလုံး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်နိုင်အောင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေနဲ့ ကော်ပိုရေရှင်း ကြီးတွေ စုဖွဲ့ထားတဲ့ အဖွဲ့အစည်း ဖြစ်ပြီး တနှစ်ကို တကြိမ် ဒါမှမဟုတ် ၂ ကြိမ် ဆွေးနွေးညှိနှိုင်းလေ့ ရှိပါတယ်။

အခု ကမ္ဘာ့ စီးပွားရေး ညီလာခံရဲ့ ဆောင်ပုဒ်က တနိုင်ငံနဲ့ တနိုင်ငံ ဆက်သွယ်မှုနဲ့ ဒေသရဲ့ အနာဂတ်ကို ဖန်တီးကြပါစို့ ဆိုတဲ့ ဒီညီလာခံ ကို အခုလို ထိုင်းနိုင်ငံမှာ ပထမဆုံး အကြိမ်ကျင်းပခြင်း အားဖြင့် အာရှ ဒေသတွင်း စီးပွားရေးကို ကမ္ဘာက အလေးထား လာတဲ့ သဘောမျိုး ဖြစ်ပါတယ်။

အခုလောလောဆယ် စီးပွားရေး တည်တည်ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် သွားနေတဲ့ စီးပွားရေး အင်အားကြီး ဒေသကတော့ အရှေ့အာရှ ဖြစ်တာကြောင့် အခုလို ညီလာခံကို လာရောက် ကျင်းပတာလို့ ယူဆလို့ ရကြောင်းနဲ့ ဒါဟာ ထူးခြားတဲ့ အခွင့်အရေး တရပ်လည်း ဖြစ်တယ်လို့ မြန်မာနိုင်ငံက စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ရဲ့ အမှူဆောင် ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦးက ပြောပြပါတယ်။

နောင်တချိန်မှာ အာဆီယံရဲ့ စီးပွားရေးဟာ ကမ္ဘာမှာ အဓိက ကျလာမလား ဆိုတာနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာဇော်ဦးက ပြောကြားရာမှာ၊ အာဆီယံ တခုတည်းနဲ့ တော့ မဖြစ်နိုင်သေးဘဲ အာဆီယံ plus လို့ခေါ်တဲ့ အာဆီယံ အပြင် တခြား အာရှနိုင်ငံတွေနဲ့ပါ ပူပေါင်းမယ်ဆိုရင် ကမ္ဘာပေါ်မှာ အင်မတန်မှာ စီးပွားရေး အင်အား ကြီးတဲ့ ဒေသတခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ