ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကြောင့် ဆီးရီးယား အစိုးရအပေါ် ဖိအားတိုးလာ

  • 2 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား အရေး ဆိုင်ရာ နိုင်ငံတကာ အဆင့်မြင့် သံတမန် ကိုဖီအာနန်

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဆီးရီးယား နိုင်ငံ ဟူလာမြို့မှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှုကို စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်လာခဲ့ပြီးတဲ့နောက် ဆီးရီးယား အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှု တိုးလာနေပါတယ်။

ဒီသတ်ဖြတ်မှုမှာ ပါဝင်တဲ့သူတိုင်း စစ်ရာဇဝတ်မှုနဲ့ တရားစွဲ အပြစ်ပေးခံရမယ်လို့ အဲဒီ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆီးရီးယား အရေးဆိုင်ရာ နိုင်ငံတကာ အထူး သံတမန် ကိုဖီ အာနန်ကတော့ ဒီအကြမ်းဖက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ လူတိုင်း မကျေမနပ် ဒေါသ ထွက်ခဲ့ကြသလိုဘဲ ကျွန်တော်လည်း အလားတူ ခံစားရတဲ့ အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ခပ်သွက်သွက် အကောင်အထည် ဖော်ချင်ပါတယ်လို့ ပြောပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကလည်း ဆီးရီးယား နိုင်ငံက ပြဿနာတွေ အဆုံးသတ်သွားမယ့် တခုတည်းသော နည်းလမ်းဟာ သမ္မတ ဘတ်ရှား အယ် အာဆက် ရာထူးက ဆင်းပေးဖို့ဘဲလို့ ဆိုပါတယ်။

တခါ ဆီးရီးယား နိုင်ငံက ပဋိပက္ခတွေ ရပ်သွားအောင် ဖိအားပေးလို့ မရနိုင်ဘူး ညှိနှိုင်း ဆောင်ရွက်တဲ့ နည်းနဲ့သာ အဖြေရှာနိုင်လိမ့်မယ်လို့ ရုရှား သမ္မတ Vladimir Putin က အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ပါရီမြို့မှာ ပြင်သစ် သမ္မတ အိုလွန်းဒ်နဲ့ တွေ့ဆုံပြီးတဲ့နောက် မစ္စတာ ပူတင်က ပြောကြားရာမှာ ပိတ်ဆို့ အရေးယူမှုတွေက ထိရောက်မှုရဲ့လား ဆိုတာ သံသယ ရှိနေပြီး ဆီးရီးယား သမ္မတ အာဆက်ကို ရာထူးက ဖယ်လိုက်ရင် ဒေသတွင်း လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

အရပ်သားတွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဆီးရီးယား လက်နက်ကိုင် သူပုန်တွေရဲ့ တာဝန်လည်း မကင်းဘူးလို့ မစ္စတာ ပူတင်က ထပ်လောင်း ပြောသွား ခဲ့ပါတယ်။