ဆီးရီးယားမှာ လူသားမျိုးနွယ် ကိုကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်

  • 1 ဇွန် 2012
Syria ဓာတ်ပုံ မူပိုင် AP
Image caption ဟူလာ မြို့မှာ လူ ၁၀၀ ကျော် အသတ်ခံ ခဲ့ရ တာပါ

ဆီးရီးယားမှာ လူ ၁၀၀ ကျော် အစုလိုက် အပြုံလိုက် အသတ်ခံ ရတဲ့ အဖြစ်အပျက် ဟာ လူသား မျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်တယ် လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် က ပြောနေတုန်းမှာ ဘဲ နောက်ထပ် သတ်ဖြတ်မှု သတင်း တွေထွက်လာခဲ့ ပါတယ်။

ဟုမ်းစ်ပြည်နယ် ထဲက ဟူလာမြို့မှာ အရပ်သား ၁၀၀ ကျော် အစုလိုက် အပြုံလိုက် သုတ်သင် ခံခဲ့ရတဲ့ ကိစ္စဟာ လူသားမျိုးနွယ်စု အပေါ်ကျူးလွန် သတ်ဖြတ်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး နာဗီပီလေး က ပြောလိုက်ပါတယ်။

၂၀၁၁ မတ်လ ကစပြီး ဆီးရီးယား သမ္မတ ဘာရှား အာဆတ်ရဲ့ အုပ်ချုပ်မှု ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု တွေ အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက လေးကြိမ်မြောက် ခေါ်ယူတဲ့ အရေးပေါ် အစည်းအဝေး မှာ လူတွေ အစုလိုက် အပြုံလိုက် အသတ် ခံခဲ့ရတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ တာပါ။

ဒီရာဇဝတ် မှုတွေ ရပ်သွားအောင် လုပ်ဖို့နဲ့ သတ်ဖြတ်မှု ကျူးလွန်သူ တွေကို အရေးယူ အပြစ်ပေး နိုင်ဖို့ ဆောင်ရွက် ရမယ် လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ဒီရာဇဝတ်မှု တွေရဲ့ တရားခံက ဘယ်သူတွေလဲ ဆိုတာကို တော့ ခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဆီးရီးယား အစိုးရ ဖက်က ဒါဟာ သူတို့ အခေါ်အရ အကြမ်းဖက်သမား တွေက ဆောင်ရွက် တာလို့ စွပ်စွဲ နေသလို၊ အတိုက်အခံ တွေ ဘက်ကလည်း အစိုးရလိုလားတဲ့ စစ်သွေးကြွ တွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုနေ ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကလေးတွေ တဝက်လောက် ပါဝင်တဲ့ လူ ၁၀၀ ကျော် သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး ကမ္ဘာက စိုးရိမ်တကြီးနဲ့ ဝိုင်းဝန်း ပြောဆိုနေကြ ချိန်မှာဘဲ စက်ရုံ အလုပ်သမား ၁၃ ဦးကို ဘတ်စ် ကား တစင်း ပေါ်ကနေ ဆွဲချပြီး ပစ်သတ် ခဲ့တယ် ဆိုတဲ့သတင်း ထွက်လာပြန် ပါတယ်။

ဆီးရီးယား အတိုက်အခံ တွေက ဒါဟာ အစိုးရ လိုလားတဲ့ ရှာဘီဟာ လက်နက်ကိုင် အဖွဲ့ရဲ့ လက်ချက်လို့ ပြောကြ ပါတယ်။

ဒီလို အဖြစ်အပျက် နှစ်ခုလုံးမှာ အင်တာနက်ပေါ် တင်ထားတဲ့ ဗီဒီယို တွေက လွဲလို့ တိကျ တဲ့ အထောက် အထားမျိုး တော့ မတွေ့ရ သေးပါဘူး။

ဒါပေမယ့် ကုလသမဂ္ဂ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေက အတိုက်အခံတွေ ဖက်က စွပ်စွဲချက် နဲ့ ကိုက်ညီတဲ့ တွေ့ရှိချက် မျိုးတော့ ရှိတယ်လို့ ပြောခဲ့ဘူး ပါတယ်။

အခုလို လူတွေ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မျိုး ထွက်လာလိမ့်မယ် လို့ မျှော်လင့် ရပါတယ်။