အီဂျစ်သမ္မတဟောင်းကို ထောင်ဒဏ် တသက်ချမှတ်

  • 2 ဇွန် 2012
ဓာတ်ပုံ မူပိုင် b
Image caption မစ္စတာ မူဘာရတ်ရဲ့ အကတိ လိုက်စားမှု စွဲချက် တွေကိုတော့ တရားသူကြီးက ပလပ် ပေးလိုက် ပါတယ်

အီဂျစ်နိုင်ငံမှာ မနှစ်က အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း ဆန္ဒပြသူတွေကို အကြမ်းဖက် သတ်ဖြတ်မှုတွေမှာ ပါဝင် ပတ်သက်နေမှုနဲ့ သမ္မတဟောင်း ဟော့စနီ မူဘာရက်ခ် ကို အီဂျစ် တရားရုံးက တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အသက် ၈၄နှစ် ရှိပြီ ဖြစ်တဲ့ အီဂျစ်သမ္မတဟောင်း မူဘာရက်ခ်နဲ့အတူ ပြည်ထဲရေး ဝန်ကြီးဟောင်း Habib al-Adly လည်း တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

အဂတိ လိုက်စားမှု သီးခြား စွဲချက်တွေကိုတော့ မူဘာရက်ခ်နဲ့ သူ့သားနှစ်ယောက်ဖြစ်တဲ့ Gamal နဲ့ Alaa တို့ ကွင်းလုံးကျွတ် လွတ်သွားခဲ့ပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်း သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲ ခံထားရတဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း Adly ရဲ့ ထိပ်တန်း လက်ထောက် ၄ ဦးကို အပြစ်မရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လူတချို့က အတော်လေး ဒေါသထွက်ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာ မူဘာရက်ခ်နဲ့ မစ္စတာ Adly ကို တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ကြောင်း ကြေညာလိုက်ချိန်မှာ ဆန္ဒပြမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစု ဆွေမျိုးတွေ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွားကြပြီး မီးရှုး မီးပန်းတွေ ဖောက် ကြိုဆိုခဲ့ကြပါတယ်။

Gamal နဲ့ Alaa မူဘာရက်ခ်တို့ ညီအကို နှစ်ဦးနဲ့ အထူးသဖြင့် လုံခြုံရေး အကြီးအကဲ တို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ သူတို့ဟာ အထက်က အမိန့် အတိုင်း လိုက်နာ ဆောင်ရွက် တာမို့ အပြစ်မရှိဘူး ဆိုပြီး တရားရုံးက ဆုံးဖြတ်လိုက်ချိန်မှာတော့ သေဆုံးသူတွေရဲ့ မိသားစုဆွေမျိုးတွေ အကြီးအကျယ် မကျေမနပ် ဖြစ်သွားကြပြီး အဓိကရုဏ်းရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ကုန်ကြပါတယ်။

လောလောဆယ်မှာတော့ အီဂျစ်နိုင်ငံမှာ အခြေအနေတွေ အတော်လေး တင်းမာနေ ပါတယ်။ ကျန်းမာရေး မကောင်းဘူး ဆိုတာကြောင့် ရုံးတင် စစ်ဆေးမှုတွေ စခဲ့တဲ့ သြဂုတ်လ ကတည်းက စလို့ ကိုင်ရိုမြို့တော် အပြင်ဘက်မှာ ရှိတဲ့ နိုင်ငံတကာ ဆေးခန်းမှာ ထိန်းသိမ်း ထားခဲ့တဲ့ မစ္စတာ မူဘာရက်ခ်ကို အခုအခါ Tora အကျဉ်းထောင် ဆေးရုံကို ပြောင်းရွှေ့ဖို့ စီစဉ်နေပြီလို့ အီဂျစ် အစိုးရ ရုပ်မြင် သံကြားမှာ ကြေညာသွားပါတယ်။

မစ္စတာ မူဘာရက်ခ်ဟာ အာရပ်နိုင်ငံတွေမှာ ဆူပူ ဆန္ဒပြမှုတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နွေဦး ကာလ ကတည်းက ပထမဆုံး ရုံးတင်စစ်ဆေးခံရတဲ့ အာရပ် နိုင်ငံ ခေါင်းဆောင်ဟောင်း တဦးဖြစ်ပါတယ်။

အဲဒီလို အာရပ်နိုင်ငံတွေမှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အတွင်း ရာထူးကနေ ပထဆုံး ဆင်းပေးခဲ့ရသူကတော့ တူနီးဆီးယားနိုင်ငံခေါင်းဆောင် Zine al-Abidine Ben Ali ဖြစ်ပြီး မူးယစ်နဲ့ လက်နက် စွဲချက်တွေနဲ့ ပြစ်မှုထင်ရှားကြောင်း July လတုန်းက မျက်ကွယ်မှာ စီရင်ချက် ချခံခဲ့ရပါတယ်။

လစ်ဗျား ခေါင်းဆောင် မွမ်မာ ကဒါဖီကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက သူပုန်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။ ယီမင်နိုင်ငံခေါင်းဆောင် Ali Abdullah Saleh ကတော့ နိုဝင်ဘာလတုန်းက ရာထူးကနေ ဆင်းပေးခဲ့တဲ့ အတွက် ရုံးတင် စစ်ဆေးခံရမှုနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ