သတင်းစာတိုက်ကို တိုက်မဲ့ လူတွေကို ဒိန်းမတ်ထောင်ချ

  • 4 ဇွန် 2012
Denmark cartoon sentences ဓာတ်ပုံ မူပိုင် AP
Image caption တရားခံတယောက်ကို ရုံးထုတ်လာစဉ်

ဒိန်းမတ်နိုင်ငံမှာ ၂၀၀၅ ခုနှစ်က တမန်တော်မိုဟာမက်ရဲ့ ပုံကို ကာတွန်းရုပ်ပြောင်ဆွဲဖော်ပြခဲ့တဲ့ သတင်းစာကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ လူလေးဦးကို ထောင်ဒဏ် ၁၂ နှစ်စီ တရားရုံးက စီရင်ချက်ချ လိုက်ပါတယ်။

သူတို့ ပစ်ဒဏ် ကျခံရပြီးချိန်မှာ နိုင်ငံတွင်းက နှင်ထုတ်ဖို့လဲ တရားရုံးက အမိန့်ချခဲ့ပါတယ်။

တူနီးရှားနိုင်ငံသားတယောက်နဲ့ အာရပ်နိုင်ငံတွေက ရောက်လာပြီး ဆွီဒင်နိုင်ငံသား ခံယူထားသူ သုံးဦးတို့ကို ၂၀၁၀ ခုနှစ်မှာ ရဲ ကဖမ်းဆီးခဲ့တာပါ။

ဒီလူတွေဟာ ကိုပင်ဟေဂင်မြို့က Jyllands-Posten သတင်းစာတိုက်ကို ဝင်ရောက်ပြီး တွေ့သမျှလူတွေကို ပစ်သတ်ဖို့ စီစဉ်နေခဲ့တယ်လို့ တရားစွဲ အရာရှိတွေက ဆိုပါတယ်။ ထောက်လှမ်းရေးက ဖမ်းယူထားတဲ့ ဒီလူတွေက အချင်းချင်းပြောနေတဲ့ အသံသွင်းချက်တွေမှာ ဘာသာခြားတွေ မယုံကြည်သူတွေကို တွေ့ရင် လည်ချောင်းလှီးပစ်လို့ ပြောနေကြတာကို ကြားရပါတယ်။

သူတို့ကို ဖမ်းမိတဲ့ အချိန်မှာ သူတို့ဆီက အသံတိတ်စက် တပ်ထားတဲ့ စက်သေနတ်တလက်၊ ပစ္စတို တလက်နဲ့ ကျည် ၁၀၈ တောင့် ကို သိမ်းဆီးရမိတယ်လို့ ရဲတွေက ပြောပါတယ်။

ဒီ ကာတွန်းတွေ ဖော်ပြခဲ့ပြီးကတည်းက သတင်းစာကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့သလို ကာတွန်းဆရာရဲ့ အိမ်ကိုလဲ လူတယောက်က ဝင်ရောက်ပြီး ကာတွန်းဆရာကို ပုဆိန်နဲ့ ခုတ်သတ်ဖို့ ကြိုးပမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။