တောင်ကိုရီးယား မီဒီယာတွေကို ပြုံယမ်းခြိမ်းခြောက်

  • 4 ဇွန် 2012
North Korean flag ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားက တိုက်ခိုက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်တာတွေ ရှိခဲ့

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းမှာ လုပ်ခဲ့တဲ့ ကလေးပွဲတော်တခုကို တောင်ကိုရီးယား မီဒီယာတွေက ဝေဖန်ရေးသားခဲ့တဲ့ အတွက် အဲဒီမီဒီယာတွေကို ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပါတယ်။

မြောက်ကိုရီးယား စစ်ဌာနချုပ်က အဲဒီတောင်ကိုရီးယား မီဒီယာတွေရဲ့ နေရာဒေသ အတိအကျကို တွက်ချက်ပြီး ဒုံးပျံတွေနဲ့ ချိန်ရွယ်ထားတယ်လို့ ပြောပါတယ်။ သူတို့ ပစ်မှတ်ထားတာယ်ဆိုတဲ့ တောင်ကိုရီးယားက အဓိက သတင်းစာနဲ့ ရုပ်မြင်သံကြား ဌာနကြီး ခုနှစ်ခုရဲ့ အမည်တွေကိုလဲ မြောက်ကိုရီးယား အစိုးရ ရုပ်မြင်သံကြားက ကြေငြာသွားပါတယ်။

အဲဒီ တောင်ကိုရီးယား မီဒီယာတွေအနေနဲ့ တရားဝင်တောင်းပန်ဖို့လဲ မြောက်ကိုရီးယား စစ်ဌာနချုပ်က တောင်းဆိုလိုက်ပါတယ်။

ကလေးပွဲတော်မှာ ကလေး ထောင်ပေါင်းများစွာက ပြုံယမ်းကို လာပြီး မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်မ်ဂျုံအွန်းကို သစ္စာခံကြောင်း ကတိပြုခဲ့ကြတာပါ။

တောင်ကိုရီးယားကတော့ အခုလို မီဒီယာတွေကို မြောက်ကိုရီးယားက ခြိမ်းခြောက်လာတာဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရန်လိုထိပါးတာပဲလို့ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားဘက်က တကယ်တန်းစစ်ရေးတိုက်ခိုက်မှုတွေ လုပ်လာရင် ကိုရီးယားကျွန်းဆွယ်ပေါ်မှာ စစ်မီးတွေ ပြန့်သွားနိုင်တာမို့ အခုအချိန်အထိတော့ မြောက်ကိုရီးယား ခြိမ်းခြောက်မှုတွေဟာ တကယ်လက်တွေ့တိုက်ခိုက်မှုတွေ အဆင့်အထိတော့ ရောက်မလာကြသေးပါဘူးဒ ဒါပေမဲ့ မြောက်ကိုရီးယားမှာလဲ ခေါင်းဆောင်သစ် လူငယ်လေးက သူ့ရဲ့ ခေါင်းဆောင်မှုကို ပြသဖို့ ရန်သူရှာပြီး တင်းမာပြနေတယ်လို့ သုံးသပ်သူတွေက ယူဆထားတော့ အခုလို ခြိမ်းခြောက်မှုတွေကို လုံးဝ လစ်လျူရှုထားဖို့လည်း မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။