တိန်အင်မင် ရင်ပြင်နှစ်ပတ်လည် ဖမ်းဆီးမှုတွေရှိ

  • 4 ဇွန် 2012
တိန်အင်မင် ရင်ပြင်နှစ်ပတ်လည်ဆန္ဒပြ ဓာတ်ပုံ မူပိုင် other
Image caption တိန်အင်မင် ရင်ပြင်နှစ်ပတ်လည်ဆန္ဒပြ

တရုတ် နိုင်ငံမှာ တိန်အင်မင်အရေးအခင်း ၂၃ နှစ်ပြည့် လှုပ်ရှားသူ တွေကို အာဏာပိုင်တွေက ထိန်းသိမ်း ခဲ့ကြပါတယ်။ ပေကျင်းကနေ ဖူချောင်ထိ အရှေ့ဘက် ကမ်းရိုးတန်း ဒေသတွေနဲ့ အနောက်တောင်ပိုင်း ဝေးလံတဲ့ နေရာတွေ အထိ တရုတ် အာဏာပိုင်တွေက နိုင်ငံရေး လှုပ်ရှားသူ တွေကို ဖိအားပေး ထိန်းသိမ်း ခဲ့တာပါ။ ပေကျင်းမှာလဲ ရာနဲ့ချီတဲ့ လူအုပ်ကြီးကို မစုဝေးမိအောင် ဖမ်းဆီး ဟန့်တား ခဲ့ပါတယ်။

၁၉၈၉က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပီး လူမှု မီဒီယာတွေမှာ ရည်ညွှန်း ကိုးကားလို့ မရအောင် လဲ ပိတ်ပင် ထားပါတယ်။အရေးအခင်းနဲ့ ဆက်စပ်တယ်လို့ ယူဆတဲ့ ဖယောင်းတိုင်၊ ဘယ်တော့မှ မမေ့ စတဲ့ စာလုံးတွေကို တရုတ်ဘာသာနဲ့ စာရိုက် ရှာလို့ မရအောင် အင်တာနက် ဝက်ဆိုက်တွေမှာ ပိတ်ပင် ခဲ့တာပါ။ထိုင်ဝမ် တိဘက် စင်ကျန် ဒေသနဲ့ တရုတ် ကွန်မြူနစ်ပါတီ အုပ်စိုးမှုနဲ့ ပတ်သက်တဲ့ အကဲဆတ်တဲ့ အကြောင်းရပ်တွေကို တရုတ်အင်တာနက်မှာ စိစစ်လေ့ ရှိပါတယ်။ ဒီအရေးအခင်း အကြောင်းက ခုထက်ထိ တရုတ်ပြည်မှာ ပြောဆို ဆွေးနွေးလို့ မရသေးပါဘူး။ အရေးအခင်း နောက်ပိုင်း မွေးတဲ့ တရုတ် လူငယ် မျိုးဆက်တွေ ထဲမှာ တိန်အင်မင်နဲ့ ပတ်သက်လို့ ဗဟုသုတ မရှိသူတွေ များပါတယ်။

တရုတ်နိုင်ငံမှာ အရေးအခင်း နောက်ပိုင်း လူမှု စီးပွားရေး တဟုန်ထိုး တိုးတက် လာပေမယ့် အကျင့်ပျက် လာဘ်စားမှုနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေ ထူပြောတုန်း ဖြစ်ပါတယ်။ခေါင်းဆောင်တွေသာ တဆက်ပီး တဆက်ပြောင်း သွားမယ်၊ နိုင်ငံရေး ပုံစံသစ် ထွက်လာဖို့ မဖြစ်နိုင်သေးဘူးလို့ အရေးအခင်းမှာ သေဆုံးခဲ့တဲ့ ကျောင်းသားတယောက်ရဲ့ မိဘ က ဝေဖန်ပါတယ်။ အရေးအခင်းမှာ အဖမ်းခံရပီး ကျောင်းထွက်ခဲ့ရတဲ့ ကျောင်းသားဟောင်း တွေကိုလဲ လုပ်ကိုင် စားလို့မရအောင် နှောင့်ယှက်နေဆဲ ဖြစ်ပါတယ်။

အရေးအခင်း နောက်ပိုင်း အနှစ် ၂ဝ ကျော် ဖမ်းဆီး ထားသူ တွေ ပြန်လွှတ် ပေးဖို့လဲ အမေရိကန် အစိုးရက မကြာခင်ကပဲ တိုက်တွန်း ခဲ့ပါတယ်။ အနည်းဆုံး လူ ၆ ယောက်လောက် ထောင်ထဲမှာ ကျန်နေသေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။ဒီလူတွေဟာ ကျောင်းသား ခေါင်းဆောင်တွေ မဟုတ်ဘဲ အဓိကရုဏ်းတွင်း မီးရှို့ ဖျက်ဆီး ခဲ့သူတွေနဲ့ စစ်သားတွေကို ပြန်လည် တိုက်ခိုက်ခဲ့သူတွေ လို့ ဒီအဖွဲ့ တွေက ဆိုပါတယ်။ တိန်အင်မင် အရေးအခင်းမှာ တရုတ် အစိုးရ နှိမ်နင်းမှုကြောင့် ရာနဲ့ချီတဲ့ ကျောင်းသားနဲ့ အရပ်သားတွေ သေဆုံး ခဲ့ရပေမယ့် တရုတ်အစိုးရ ဘက်ကတော့ ဒီသေဆုံးမှုတွေ အကြောင်း ထုတ်ဖော် ပြောကြား ခြင်း မရှိသေးပါဘူး။