ဗြိတိန် ဘုရင်မ စိန်ရတုပွဲ ခြိမ့်ခြိမ့်သဲ

  • 5 ဇွန် 2012
jubilee ဓာတ်ပုံ မူပိုင် Getty
Image caption အမိုးဖွင့် မြင်းရထားပေါ်က ဘုရင်မကြီး

ဗြိတိန်က ဒုတိယ အယ်လီဇဘက် ဘုရင်မကြီးရဲ့ နန်းသက် စိန်ရတု သဘင်ကို လန်ဒန်မြို့မှာ ခမ်းနား ကြီးကျယ်စွာ ကျင်းပ ခဲ့ပါတယ်။

သိန်းနဲ့ချီတဲ့ လူထုကြီးက ဘက်ကင်ဟမ် နန်းတော် လသာဆောင်ကနေ ဘုရင်မနဲ့ တော်ဝင် မိသားစု ထွက်ပီး နှုတ်ဆက်တာကို ကောင်းချီး သြဘာ ပေးခဲ့ကြ ပါတယ်။

ဒီအချိန်မှာ ဘုရင်မ လေတပ်မတော် ကလဲ ကောင်းကင်ယံ ကနေ ပျံသန်း ဂုဏ်ပြု ခဲ့ပါတယ်။

ကနေ့ မနက်က အယ်လီဇဘက် ဘုရင်မကြီးဟာ စိန်ပေါလ် ကက်သီဒရယ် ဘုရားကျောင်း ကြီးက ကျေးဇူးတော် ချီးမွမ်းပွဲကို တက်ရောက်ခဲ့ ပါတယ်။

အင်္ဂလီကန် အသင်းတော် ဂိုဏ်းချုပ်ကြီး ရိုဝမ် ဝီလျံ က ဘုရင်မရဲ့ နိုင်ငံ အတွက် နှစ် ၆ဝ ကြာ ဆောင်ရွက်မှုတွေကို ချီးကျူးစကား မြွက်ကြား ပါတယ်။

အဲဒိနောက် ဘုရင်မဟာ ဝက်စမင်စတာ ခန်းမမှာ ဖိတ်ကြား ထားတဲ့ မင်းပရိသတ် နဲ့အတူ နေ့လည်စာ ပွဲတော်တည် ခဲ့ပါတယ်။

သားနား ခန့်ညားစွာ ဝတ်ဆင်ထားတဲ့ မြင်းတပ်သားတွေ ဦးဆောင် ကြွချီ လာတဲ့ ဘုရင်မကြီး ဘက်ကင်ဟမ် နန်းတော်ကို ပြန်တဲ့ လမ်းတလျှောက် မှာလဲ လူထုကြီးက စီတန်း ကြိုဆို ခဲ့ကြပါတယ်။

ဖျားနေလို့ ဆေးရုံ တက်နေတဲ့ အတွက် မတက်ရောက် နိုင် ခဲ့တဲ့ ဘုရင်မရဲ့ ကြင်ယာတော် အီဒင်ဘာရာ မြို့စားကြီးရဲ့ ကျန်းမာရေး အခြေအနေ တိုးတက် သက်သာ လာပြီလို့ သားတော် အထွေးဆုံး အက်ဒွပ်မင်းသားက ပြောကြားပါတယ်။

ဒုတိယ အယ်လီဇဘက် ဘုရင်မကြီးဟာ ဗြိတိန်မှာ စိုးစံခဲ့တဲ့ မင်းတွေထဲမှာ ဒုတိယ သက်တမ်း အရှည်ဆုံး ဖြစ်ပြီး လက်ရှိ ကမ္ဘာမှာ ကျန်ရှိနေတဲ့ ဘုရင် ဧကရာဇ် တွေထဲမှာလဲ ထိုင်းဘုရင် ပြီးနောက် ဒုတိယ သက်တမ်း အကြာဆုံး အုပ်စိုးသူပါ။