ဆီးရီးယားရေး ရုရှ တရုတ် သဘောထား မပြောင်း

  • 5 ဇွန် 2012
putin ဓာတ်ပုံ မူပိုင် BBC World Service
Image caption တရုတ် ရုရှ ပူးပေါင်း ဆောင်ရွက်ရေး အရှိန်မြှင့်မယ်

ကမ္ဘာမှာ ရေနံအများဆုံး ထုတ်လုပ်တဲ့ ရုရှားနိုင်ငံနဲ့ သဘာဝ စွမ်းအင် အများဆုံး ၀ယ်ယူတဲ့ တရုတ်နိုင်ငံတို့ စွမ်းအင် ကုန်သွယ်ရေး နဲ့ ပတ်သက်ပြီးဆွေးနွေး ကြဖို့ သေချာပါတယ်။

၂ နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုရေး ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ၈၄ ဘီလျံ အထိ ရှိခဲ့ပါတယ်။

ဒီထက်ပိုပြီး တိုးမြှင့်နိုင်အောင်လို့ ၂ နိုင်ငံ ဆွေးနွေးကြမှာပါ။

ဒါပေမယ့် ကုန်သွယ်ရေး ဆွေးနွေးမှု အပြင် လတ်တလော ဖြစ်နေတဲ့ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

ဆီးရီးယား သမ္မတ အာဆတ်ကို ရာထူးက ဖယ်ရှားဖို့ ကြိုးစားနေတဲ့ အနောက် အုပ်စုရဲ့ အစီအစဉ်ကို တရုတ်နဲ့ ရုရှား ၂ နိုင်ငံက တင်းခံပြီးတော့ ဆန့်ကျင် နေကြတာပါ။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီရဲ့ အစီအစဉ်ကို ရုရှားနဲ့ တရုတ် ၂ နိုင်ငံက ၂ ကြိမ်တိုင်တိုင် ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် ဆီးရီးယား အရေးဟာ တနေ့တခြား ပိုပြီး ဆိုးရွားလာပါတယ်။

ဒါကြောင့်လည်း ကုလသမဂ္ဂရဲ့ တရုတ်ပြည် သံအမတ် လီဗောင်ဒေါင်းက ဆီးရီးယား အရေးကိစ္စဟာ လုံခြုံရေး ကောင်စီက ဖြေရှင်းရမယ့် အရေးကြီးဆုံး ပြဿနာ လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တရုတ်က ဆီးရီးယား သမ္မတ အာဆတ်ကို အကာအကွယ် ပေးနေတယ် ဆိုတာကို တော့ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

အမှန်တကယ် ဖြစ်စေချင် တာက နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်နိုင် ဖို့နဲ့ ဆီးရီးယားရဲ့ ကံကြမ္မာဟာ ဆီးရီးယားပြည်သူတွေ လက်ထဲမှာပဲ ရှိစေချင်တာပါ။

လုံခြုံရေး ကောင်စီက လုပ်သင့်တာ ကတော့ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ် စောင့်ရှောက်ဖို့ ပါပဲလို့ တရုတ်ပြည် ရဲ့ ကုလသမဂ္ဂ သံအမတ် လီဗောင်ဒေါင်းက ပြောကြား သွားပါတယ်။

နောက်ပြီး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် ကို အားလုံးက လိုက်နာကြဖို့ လည်း မစ္စတာ လီဗောင်ဒေါင်းက တိုက်တွန်းထား ပါတယ်။

တရုတ် နိုင်ငံဟာ လက်ရှိမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ နေရာကို တာဝန်ယူ ထားပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှား ၂ နိုင်ငံက အတော်ကို အတွဲညီ ပါတယ်။

ဒါပေမယ့် ဆီးရီးယား အခြေအနေတွေ အခုထက် ပိုပြီး ဆိုးရွား လာရင်တော့ ဒီ ၂ နိုင်ငံရဲ့ ဆက်ဆံရေးက အခုလိုပဲ ဆက်ရှိနိုင်မလား ဆိုတာကို သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။