US မောင်းသူမဲ့ယာဉ် တိုက်ခိုက်မှု အယ်ကိုင်းဒါး ခေါင်းဆောင် သေဆုံး

  • 6 ဇွန် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Abu Yahya al-Libi သေဆုံးပြီလို့ အမေရိကန် ပြော

ပါကစ္စတန်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်မှုတွေကြောင့် အယ်ကိုင်းဒါး အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် Abu Yahya al-Libi အဘူ ယက်ရာ အယ်လီဘီ သေဆုံးသွားတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနလာနေ့တုန်းက ပါကစ္စတန်က တောင်တန်း လူမျိုးစု ဒေသတွေမှာ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်နဲ့ Abu Yahya al-Libi အဘူ ယက်ရာ အယ်လီဘီ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

အမေရိကန် အနေနဲ့ တနှစ်အတွင်း အယ်ကိုင်ဒါး ထိပ်တန်း ခေါင်းဆောင်တွေကို ချေမှုန်းနိုင်တာ ဒါဟာ ဒုတိယမြောက် ဖြစ်ရပ် ဖြစ်ပြီး အဲဒီအတွက်ကြောင့် အယ်ကိုင်းဒါး အဖွဲ့ဟာလည်း အရင်ကနဲ့စာရင် ကျဆုံးတော့မယ့် အခြေအနေ ဆိုက်နေပြီလို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနေးက ပြောပါတယ်။

ပါကစ္စတန်ကတော့ ဒီ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်မှုတွေကို ထပ်လောင်း ပြောကြားဖို့ အမေရိကန် သံရုံး တာဝန်ခံကို ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။