ဆီးရီးယားက နောက်ထပ် သတ်ဖြတ်မှုကြီး

  • 7 ဇွန် 2012
houla ဓာတ်ပုံ မူပိုင် Reuters
Image caption ငြိမ်းချမ်းရေး စီမံကိန်း အသက်ဆက်ဖို့ အာနန် ကြိုးစား

ဟိုလာမှာ ဖြစ်တဲ့ အစုလိုက် သတ်ဖြတ်မှု မျိုး ဟာမာ ခရိုင်က အနည်းဆုံး အရပ်သား ၇၈ ဦး ကိုလဲ ဆီးရီးယား အစိုးရ တပ်က သတ်ဖြတ် ခဲ့တယ်လို့ အတိုက်အခံ တွေက ဆိုပါတယ်။

အစိုးရ ဘက်တော်သား စစ်သွေးကြွတွေနဲ့ ဆီးရီးယား လုံခြုံရေး တပ်သားတွေ ကူဘီယာ ရွာထဲ ဝင်ပစ်ပီး လူအများကြီးကို အနီးကပ် ပစ်ခတ် သတ်ဖြတ် ခဲ့တယ်လို့ အတိုက်အခံ ဘက်က ပြောပါတယ်။

သေဆုံး သူတွေထဲမှာ အမျိုးသမီး နှစ်ဆယ်နဲ့ ကလေး နှစ်ဆယ်ကျော်လဲ ပါတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် အကြမ်းဖက် အုပ်စုတွေ တိုက်ခိုက်ခံ နေရတဲ့ ဒေသခံတွေ ပန်ကြားချက်အရ ဆီးရီးယား တပ်တွေ ကူဘီယာကို ဝင်တိုက်တယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံက ကြေညာ ပါတယ်။

နိုင်ငံတကာ အထူး ကိုယ်စားလှယ် ကိုဖီအာနန်ဟာ ပျက်ပြား မတတ် ဖြစ်နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး စီမံကိန်း ကို ပြန်လည် အသက်ဆက်နိုင်ဖို့ ကြိုးစား နေပါတယ်။

အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းတဲ့ အနေနဲ့ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ တွေနဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံ တွေပါတဲ့ ဆက်သွယ်ရေး အုပ်စုသစ် တခု ဖွဲ့ပေးဖို့ ကြာသပတေး နေ့မှာ လုံခြုံရေး ကောင်စီကို တွန်းအား ပေးလိမ့်မယ်လို့ သံတမန် သတင်းရပ်ကွက်က ဆိုပါတယ်။

ဆီးရီးယား အသွင် ကူးပြောင်းရေး စနိုင်ဖို့ အတွက် အီရန်နဲ့ တူရကီလို နိုင်ငံတွေ ပါလာဖို့ မစ္စတာ အာနန် လိုလား တယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ဆိုပါတယ်။

ဒါပေမယ့် အီရန်လို နိုင်ငံမျိုး ဆီးရီးယား ပဋိပက္ခ ဖြေရှင်းရေး အုပ်စုထဲ ထည့်သွင်းဖို့ အကြံအစည်ကို အမေရိကန် ဗြိတိန်နဲ့ ပြင်သစ်တို့က စောစောထဲက ပယ်ချ ထားပီး ဖြစ်ပါတယ်။