ဆီးရီးယားအရေး လုံခြုံရေးကောင်စီမှာ တင်ပြမယ်

  • 7 ဇွန် 2012

ဆီးရီးယား အစိုးရကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ဟာမာ ပြည်နယ်အတွင်းက Qubair ရွာ တစ်ရွာထဲမှာတင် အရပ်သားတွေ အများကြီးကို သတ်ဖြတ်ခဲ့တယ် လို့ ဆီးရီးယား အရေး လှုပ်ရှားသူ တွေက ပြောကြပါတယ်။

ဓာတ်ပုံ မူပိုင်
Image caption ကိုဖီအာနန် လုံခြုံရေးကောင်စီမှာ ဘာတွေ တင်ပြမလဲဆိုတာ သိပ်ကို အရေးကြီးပါတယ်။

အမျိုးသမီးတွေ ကလေးငယ်တွေ အများအပြား အပါအဝင် လူ ၇၈ ယောက်ကို အစုလိုက် အပြုံလိုက် ဓါးနဲ့ ထိုးတာ၊ သေနတ်နဲ့ ပစ်သတ်တာတွေ လုပ်ခဲ့တယ် ဆိုတဲ့ အတိုက်အခံ တွေရဲ့ ပြောဆိုမှုကို ဆီးရီးယား အစိုးရ ဘက်က ငြင်းဆိုပြီး အကြမ်းဖက် သမားတွေ ကသာ လူ ၉ ယောက်ကို သတ်ခဲ့တာလို့ ပြန်လည် စွပ်စွဲ ပြောဆိုပါတယ်။

နှစ်ဘက် အပြန်အလှန် ပြောဆိုမှု တွေနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည် ပြုချက်တော့ မလုပ်နိုင်သေး ပါဘူး။ Houla မြို့မှာ လူပေါင်း ၁၀၈ ယောက် သတ်ဖြတ်ခံခဲ့ရအပြီး နှစ်ပတ် မပြည့်ခင် ဒီ သတ်ဖြတ် မှုတွေ ထပ်ဖြစ်လာတာပါ။

တူရကီနိုင်ငံ အီစတန်ဘူလ် မြို့တော်မှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တော့ အခု ဖြစ်ခဲ့တဲ့ အကြမ်းနည်းနဲ့ သတ်ဖြတ်မှုတွေဟာ စဉ်းစား ဆင်ခြင်မဲ့ လွန်လွန်ကျူးကျူး လုပ်ဆောင်မှု ဖြစ်တယ်လို့ ရှုတ်ချ ပြောဆိုလိုက် ပြီး သမ္မတ အာဆတ်ကို ရာထူးကနေ ဆင်းပေးဖို့ ထပ်မံ တောင်းဆို လိုက် ပါတယ်။

တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ လည်း သူက ဆိုပါတယ်။ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂနဲ့ အာရပ် နိုင်ငံများ ရဲ့ အထူး သံတမန် မစ္စတာ ကိုဖီ အာနန်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဆီးရီးယား နိုင်ငံ ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး တင်ပြ ဖို့ ရှိတဲ့ ဒီကနေ့မှာပဲ ဝန်ကြီး ကလင်တန်ရဲ့ အခုလို ထပ်မံ ပြောဆိုမှု ပေါ်ထွက်လာတာပါ။

လုံခြုံရေး ကောင်စီမှာ မစ္စတာ အာနန်က အကြမ်းဖက်မှုတွေ အဆုံးသတ် စေရေး ကူညီ ဆောင်ရွက် ပေးမယ့် အဖွဲ့ အစည်း သစ် တစ်ရပ် ထူထောင်ရေး တိုက်တွန်း သွားလိမ့် မယ်လို့ မျှော်လင့်ရ ပါတယ်။

ဆီးရီးယား အရေးမှာ သံတမန်တွေ၊ နိုင်ငံတကာက တာဝန်ခံ အရာရှိ တွေနဲ့ သမ္မတ အာဆတ်ကို ဆန့်ကျင်သူတွေ အားလုံးက သူ့ အစိုးရဟာ နိုင်ငံကို အပြည့် အဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး၊ အရပ်သားတွေကို သတ်ဖြတ်သူတွေလို့ ပြောကြတဲ့ တချို့ လက်နက်ကိုင် တွေကို ထိန်းချုပ် နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူးလို့ ယူဆ နေကြပါပြီ။

လွန်ခဲ့တဲ့ ၁၅ လ လုံးလုံး ဆီးရီးယား ပဋိပက္ခဟာ အစိုးရနဲ့ အတိုက်အခံကြား ဖြစ်နေတဲ့ ပြဿနာ အဖြစ်သာ မဟုတ်တော့ဘဲ ကြားမှာ ပါဝင် ပတ်သက် နေသူတွေ အားလုံးကိုပါ ထည်သွင်း စဉ်းစားဖို့ လိုအပ် လာပြီ လို့ ဒမားစကပ်စ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပေါလ် ဒါနာဟာက ပြောပါတယ်။

ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေး အဖွဲ့ဟာ လုပ်ဆောင်ရမယ့် သူ့ရဲ့ လုပ်ငန်း တာဝန်ကို လုပ်နိုင်ခဲ့ ပေမဲ့ အချက် ၆ ချက်ပါတဲ့ ငြိမ်းချမ်ရေး အစီ အစဉ်ကတော့ မအောင်မြင်ခဲ့ပါဘူး။ အခု သိသာ ထင်ရှားတာက ဆီးရီးယား ပြဿနာဟာ အရင်က ဖြစ်ခဲ့တဲ့ အာရပ် တော်လှန်ရေး တွေလို မဟုတ်တော့ဘဲ လူမျိုးရေး ဘာသာရေး ကို အခြေခံတဲ့ ပဋိပက္ခကြီးတွေ အဖြစ်တစတစ ဦးတည်လာနေပြီး ဘောစနီးယား စစ်ပွဲ အသွင် ဆောင်လာ နေပြီလို့ လည်း သူက သုံးသပ် ပါတယ်။

ဒီ အခြေ အနေမှာ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကတော့ ရှိလာနိုင်မလား ဆိုတာကတော့ ဒီကနေ့ လုံခြုံရေး ကောင်စီမှာ ကိုဖီအာနန် ဘာတွေ တင်ပြမလဲ ဆိုတာ စောင့်ကြည့် ဖို့က အရေးကြီးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ