ဆီးရီးယား ကူဘဲရွာ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေ ဝင်ခွင့်ရပြီ

  • 9 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption Horms မြို့က အခြေအနေ

ဆီးရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အစိုးရဖက် ဘက်တော်သား လက်နက်ကိုင် အဖွဲ့တွေက ရွာသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ခဲ့တယ်လို့ ပြောဆိုနေတဲ့ ကူဘဲရွာကို ကုလသမဂ္ဂ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေ ဝင်ရောက်ခွင့် ရသွားခဲ့ပါပြီ။

မြင်ရတဲ့ မြင်ကွင်းက တုန်လှုပ်စရာဘဲလို့ အဲဒီ အဖွဲ့တွေနဲ့ အတူ လိုက်ပါသွားတဲ့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပြီး အိမ်တအိမ်မှာ ဆိုရင် လူဦးနှောက်တွေ ပွင့်ထွက်နေတာနဲ့ ၊ သွေးကွက် သွေးခဲတွေ တွေ့ရသလို တချို့ နေရာမှာတော့ အလောင်း မီးရှို့ထားတဲ့ ညှော်နံ့တွေ လေထဲမှာ ရနေပေမယ့် လူသေလောင်း တစုံတရာ မတွေ့ရဘူးလို့ ပြောပါတယ်။

ဖြစ်ပျက်ခဲ့ သမျှတွေကို အစီရင်ခံစာရေးဖို့ ကျွမ်းကျင်သူတွေ ပါတဲ့ အဖွဲ့ငယ် တဖွဲ့ အဲဒီမှာ ရှိနေပြီး အစိုးရ စစ်တပ်ကသာ သုံးတဲ့ ယာဉ်တွေ အဲဒီရွာထဲ ဝင်သွားတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ သတင်း ရရှိပါတယ်။

ဆီးရီးယား ဘဏ်တွေ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုက ရှောင်လွှဲနိုင်အောင် ရုရှားက ကူညီကောင်း ကူညီနေနိုင်တယ် ဆိုတဲ့ သတင်းတွေ အပေါ် စိုးရိမ် ပူပန်မိတယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဆီးရီးယား ဗဟိုဘဏ်ကို ရုရှားဘဏ်တွေက ထောက်ပံ့ ကူညီမှု ပေးနေတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ပူပန်ကြောင်း မော်စကိုမြို့မှာ ရောက်နေတဲ့ အမေရိကန် ဘဏ္ဍာရေး အရာရှိ David Cohen က ပြောပါတယ်။

ပိတ်ဆို့ အရေးယူတွေက ဆီးရီးယား စီးပွားရေးကို ထိခိုက်စေတဲ့ အထောက်အထားတွေ တွေ့ရပေမယ့် ရုရှားနဲ့ ဆီးရီးယား တို့ရဲ့ ရင်းနှီးတဲ့ စီးပွားရေး ဆက်ဆံမှုကြောင့် နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှု အစီအစဉ် ထင်သလောက် ထိရောက်မှု မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။