ဆီးရီးယားက အစုလိုက် သတ်ဖြတ်မှုကို ကုလသမဂ္ဂက သွားရောက်စစ်ဆေး

  • 8 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဟုမ်းစ်မြို့ ဒေသတွေဘက်မှာလည်း အမြောက်နဲ့ ပစ်ခတ်မှုတွေ ရှိနေပုံ ပေါ်ပါတယ်

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစိုးရတပ်ဖွဲ့ဝင်တွေ ကနေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ကုဘဲလ်ရွာ အပြင်ဘက်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး စောင့်ကြည့်သူတွေ ရောက်ရှိ လာပြီ ဖြစ်ပြီး ၊ ဒီသတင်း မှန်မမှန် ဆိုတာကို ကုလသမဂ္ဂက စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီစောင့်ကြည့်ရေး အဖွဲ့နဲ့ အတူ ပါသွားတဲ့ ဘီဘီစီသတင်းထောက်ပြောတာကတော့ ကုလသမဂ္ဂကနေ အဲဒီမှာ အခြေအနေ စိတ်ချရမှု ရှိမရှိ အကဲဖြတ်ဖို့အ တွက် ရှေ့ပြေးအဖွဲ့ တဖွဲ့ကို လွှတ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ်လို့ စောင့်ကြည့် လေ့လာသူတွေ အနေနဲ့ ကုဘဲလ်ရွာမှာ အသတ်ခံရတဲ့ လက်စလက်နတွေကို ရှာတွေ့နိုင် မလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေဟာ လူ ၈၀ နီးပါးလောက် ရှိတဲ့ အလောင်းတွေကို ဖယ်ရှားရှင်းလင်း ပြီးဖြစ်တယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အတွက် ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့က ကျောထောက်နောက်ခံပြုထားတဲ့ ကိုဖီအာနန်ရဲ့ အချက် ၆ ချက်ပါ အစီအစဉ်ကို ဆီးရီးယားအစိုးရက လိုက်နာတဲ့ လက္ခဏာမျိုး လုံးဝမတွေ့ရသေးဘူးလို့ ဘန်ကီမွန်းက ပြောပါတယ်။

ဒီတိုင်းဆိုရင် ဆီးရီးယားမှာ မကြာခင် လုံးဝ စစ်ပွဲကြီးတခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပြီလို့ မစ္စတာဘန်ကီမွန်းက၊ ကိုဖီအာနန်နဲ့ရော၊ အာရပ်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် Nabil al-Arabi တို့နဲ့ပါ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ကူဘဲလ် ရွာမှာ ဖြစ်ခဲ့တဲ့ လူတွေ နောက်ထပ် အစုလိုက် အပြုံလိုက် အသတ်ခံရမှုဟာ တကယ်လက်တွေ့မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို ပြနေပြီး ဒီလို အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ဒေါသထွက်ရကြောင်း၊ ရှုတ်ချကြောင်းတွေ ကိုနောက် ထပ်ဘယ်နှစ်ကြိမ် ထပ်ပြောရဦးမှာလဲလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီအတောအတွင်း ဟုမ်စ်မြို့မှာ သူပုန်တွေ ထိမ်းချုပ်ထားတဲ့ နေရာကို ဆီးရီးယား အစိုးရတပ်တွေက ပြန်သိမ်းဖို့ ကြိုးစားရင်း အမြောက်တွေ ပြစ်နေပြန်ပြီလို့ ဆီးရီးယား အတိုက်အခံတွေက ပြော ပါတယ်။

အခုဖြစ်ပျက်နေတဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲနေတဲ့ အတွက် ကုလသမဂ္ဂ စောင့်ကြည့် လေ့လာသူတွေ အနေနဲ့ တိတိကျကျ စုံစမ်းစစ်ဆေး ဖို့လိုနေတယ်လို့ အိမ်နီးချင်း လက်ဘနွန်နိုင်ငံမှာ ရှိနေတဲ့ ဘီဘီစီသတင်းထောက် ဂျင်မျုးအားက ပြောပါတယ်။

လောလော ဆယ်ဆီးရီးယားရုပ်မြင်သံကြားကနေ ကလေးအလောင်းတွေကိုပြပြီး၊ သူပုန်တွေဟာ နိုင်ငံတကာက ဝင်စွက်ဖက်လာအောင် ရည်ရွယ်ပြီး လူ ၉ ဦးကို သတ်ခဲ့တယ်လို့ စွပ်စွဲနေသလို၊ သူပုန်တွေဖက်ကလည်း အစိုးရဟာ ရှာဘီဟာလို့ ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ကိုသုံးပြီး အစုလိုက် အပြုံလိုက် လူသတ်မှုတွေကို ကျူးလွန်နေတယ်လို့ စွပ်စွဲနေပါတယ်။

ဆီးရီးယားနိုင်ငံ ထဲကို အနောက်နိုင်ငံက သတင်းသမားတွေကိုလည်း ဝင်ခွင့် မပေးတာမို့ အခြေအနေမှန်ကို သိရဖို့ပိုပြီးခက်ခဲနေပါတယ်။

ကုလ သမဂ္ဂက စောင့်ကြည့် လေ့လာသူ ၃၀၀ နီးပါး ချထားခဲ့ပေမယ့် တိုက်ခိုက် သတ်ဖြတ်မှုတွေက ဆက်ပြီးရှိနေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ နှစ်ရက်ထဲမှာတင် သေဆုံးသူ ၂၀၀ အထိ ရှိခဲ့တယ်လို့ သတင်းတွေက ဆိုကြောင်းပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ