ဆီးရီးယား အစိုးရတပ်တွေက ဒဲရာမြို့ကို တိုက်ခိုက်

  • 9 ဇွန် 2012
ဓာတ်ပုံ မူပိုင် e
Image caption လုံခြုံရေး တပ်တွေက သောကြာနေ့ည တညလုံး ဒဲရာမြို့ကို အမြောက်တွေနဲ့ ပစ်တာလို့ ဆိုပါတယ်

ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဒဲရာမြို့ကို အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက အမြောက်တွေနဲ့ မနေ့ညက ပစ်ခတ်ခဲ့လို့ လူပေါင်း အနည်းဆုံး ၁၇ ဦး သေဆုံးသွားတယ် လို့ ဆီးရီးယား အတိုက်အခံ တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။

အတိုက်အခံတွေ ပြောတာက မနေ့ညက တညလုံး အဲဒီ ဒဲရာ မြို့ကို အမြောက်တွေနဲ့ ပစ်တာလို့ ဆိုပါ တယ်။

ဒဲရာမြို့ဆိုတာကလည်း ပြီးခဲ့နှစ်က စတင်ခဲ့တဲ့ သမ္မတ ဘာရှာအဲလ် အဆတ်ကို ဆန့်ကျင်တဲ့ အုံကြွမှုတွေ စတင်ခဲ့တဲ့ မြို့ဖြစ်ပြီး အစိုးရ တပ်တွေနဲ့ သူပုန်တွေဟာ အဲဒီမှာ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

အခုအခြေအနေမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး စောင့်ကြည့်ရေး အဖွဲ့ ကလည်း ကုဘဲလ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို စုံစမ်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဟာမားမြို့ အနီးမှာ ရှိတဲ့ အဲဒီကုဘဲလ်ရွာ ဒေသဘက်က လူတွ ပြောဆိုချက်အရ ဆိုရင်တော့ ရွာထဲမှာ လူအနည်းအကျဉ်း လောက်ကလွဲပြီး ကျန်တဲ့ လူတွေ အကုန် နီးပါးလောက် သတ်ဖြတ် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျော်ဒန်နိုင်ငံ နယ်ခြားနဲ့ နီးတဲ့ နိုင်ငံတောင်ပိုင်း ဒဲရာမြို့ကို သောကြာနေ့ ညဖက် ဝတ်ပြုဆုတောင်းချိန် အပြီး သိပ်မကြာခင်မှာပဲ အမြောက်တွေနဲ့ စတင် ပစ်ခတ်ခဲ့တာ လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အစိုးရ တပ်ဖွဲ့တွေဟာ မြို့ရဲ့ အနောက်ဖက် ရပ်ကွက်တခုကို အဓိကထား ပစ်ခတ်ခဲ့တာ ဖြစ်ပြီး၊ အမြောက်နဲ့ ပစ်ခတ်တဲ့ ပုံစံဟာ စိတ်ချောက်ခြားစရာ ကောင်းလောက်အောင် ကြောက်စရာ ကောင်းတယ်လို့ သူတို့က ပြောပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား စောင့်ကြည့် လေ့လာရေး အဖွဲ့ကတော့ အဲဒီ တိုက်ခိုက်မှုတွေ ကြောင့် သေဆုံးရသူတွေဟာ အမျိုးသမီး အများစု ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို အစိုးရတပ်ဖွဲ့တွေ ကနေ ဒဲရာမြို့ကို မကြာခဏ တိုက်ခိုက် နှိမ်းနင်း ပေမယ့်လည်း အစိုးရ တပ်ဖွဲ့တွေဟာ မြို့ကို လုံးဝ ထိန်းချုပ် ထားနိုင်မှုတော့ မရှိခဲ့ဘူးလို့ အိမ်နီးချင်း လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သူပုန်တွေရဲ့ FREE SYRIAN ARMY ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ ကလည်း မြို့ထဲနဲ့ အနီးအနား တဝိုက်မှာ လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

လေ့လာစောင့်ကြည့် သူတွေရဲ့ အဆိုအရ ကတော့ ဆီးရီးယား နိုင်ငံတလွှား သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ အရပ်သား ၄၄ ယောက်လောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူ တဝက် ကျော်ကျော် ကတော့ ဟုမ်းစ်ပြည်နယ်ထဲနဲ့ ဒမားစကပ်စ်မြို့ ရပ်ကွက်တွေ ထဲက ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ် ၅ ခုမှာ စစ်သား ၂၅ ဦးလောက်လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လက စတင်ခဲ့တဲ့ ဆီးရီးယားက ဒီမိုကရေစီရေး လူထု အုံကြွ ဆန္ဒပြမှုတွေမှာ အခု အချိန်အထိ လူပေါင်း အနည်းဆုံး ၉၀၀၀ လောက် သေဆုံးခဲ့ရပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

ဆီးရီးယား အစိုးရကတော့ နိုင်ငံတကာ ဆီးရီးယား ကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ အချက် ၆ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ ပေမယ့်လို့၊ အစိုးရ တပ်တွေဟာ နိုင်ငံခြားက ထောက်ခံမှုပေးထားတဲ့ သူပုန်တွေ ကိုတော့ ဆက်လက် တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ