စပိန်ကယူရိုဇုန်ကို ဘဏ္ဍာရေး အကူအညီတောင်း

  • 10 ဇွန် 2012
luis_de_guindos
Image caption စပိန် စီးပွားရေး ဝန်ကြီး လူးဝစ္စ ဒါ ဟွင်းဒို့စ်

ဘဏ္ဍာရေး အကြပ်အတည်း နဲ့ ကြုံတွေ့ နေရတဲ့ စပိန် ဘဏ်ကြီး တွေကို ကယ်တင်နိုင်ဖို့ အတွက် စပိန်က ယူရိုဇုန် အဖွဲ့ဝင် နိုင်ငံတွေကို တရားဝင် အကူအညီ တောင်းခံ လိုက်ပါတယ်။

စပိန် စီးပွားရေး ဝန်ကြီး လူးဝစ္စ ဒါ ဟွင်းဒို့စ်က အကူအညီ ချေးငွေ သဘောမျိုး ပေးကြဖို့ အတွက်ကို တောင်းခံလိုက်တာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

ဥရောပ ဘဏ္ဍာရေး ဝန်ကြီးတွေကတော့ ယူရိုဘက်က ၁၂၅ ဘီလီယံ ဒေါ်လာ လောက်ကို ကြည်ကြည် ဖြူဖြူနဲ့ ကူညီ သွားနိုင် တယ်လို့ ပြောထား ကြပါတယ်။

ဒီ ချေးငွေ နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ မကြာခင် ရက်တွေ အတွင်းမှာ ရေးဆွဲ သွားမယ်လို့ လဲ မစ္စတာ ဒါဟွင်းဒို့စ်က ပြောပါတယ်။

မဒရစ် မြို့တော်က ဘီဘီစီ သတင်းထောက် ကတော့ စပိန် ဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မြန်ဆန်ဆန် ဖြေရှင်းသွားဖို့ ဖိအားတွေ နဲ့ ကြုံနေရတယ်လို့ သတင်းပေးပို့ ထားပါတယ်။

စပိန်မှာ အိမ်မြေ စျေးကွက်တွေ ပြိုလဲ အပြီးမှာ ဘဏ်တွေမှာလည်း ပြန်မရတော့တဲ့ ချေးငွေတွေ ကြောင့် အကျပ်တွေ့ကုန် ရတာ ဖြစ်ပါတယ်။

ဒီလို စပိန် နိုင်ငံက ဘဏ္ဍာရေး အကူအညီ တွေတောင်းခံ လိုက်တဲ့ အပေါ်မှာ နိုင်ငံ တကာက ကြိုဆိုလိုက် ကြပါတယ်။

ဂျာမနီ ဘဏ္ဍာရေး ဝန်ကြီး က စပိန်ရဲ့ ဆုံးဖြတ်ချက် ကို ကြိုဆိုလိုက်ပြီး ဒါဟာ အရေးကြီးပြီး မှန်ကန်တဲ့ ခြေလှမ်း တရပ် ဖြစ်တဲ့ အကြောင်း၊ ဒါကနေ တဆင့် စပိန်ရဲ့ ငွေကြေး စျေးကွက် တွေမှာ ကြုံနေရဲ့ မသေချာမှုတွေ ကို ဖယ်ရှား လိုက်နိုင်မှာ ဖြစ်တဲ့ အကြောင်း တွေကို ပြောကြားလိုက် ပါတယ်။

ဥရောပ ကော်မရှင် ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဟိုဆေး မန်နျူဝယ်လ် ဘရောဆိုက ဘဏ်တွေကို သေချာစွာ နဲ့ ပြုပြင်တည်ဆောက် ရုံတင်မက တခြား ပြုပြင် ပြောင်းလဲ မှုတွေကြောင့် စပိန်နိုင်ငံကို ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာနိုင်ပြီး စီးပွားရေးလည်း ပြန်လည် ဉီးမော့ ဖွင့်ဖြိုး လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်တဲ့ ခရစ်စတင်း လာဂတ်ကတော့ အခုချေးငွေ ပမာဏဟာ စပိန် ရဲ့ ဘဏ်လုပ်ငန်း ပြန်လည် လည်ပတ်လာ နိုင်ဖို့ အတွက် လုံလောက်မှု ရှိတယ်လို့ ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဖြစ်တဲ့ တင်မိုသီ ဂိုက်တနာကတော့ အခုလို ဆောင်ရွက်မှုတွေဟာ ဘဏ္ဍာရေး အခြေအနေ တည်ငြိမ် စေဖို့ အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်ဆိုပြီး ကြိုဆိုလိုက်ပါတယ်။