မီဒီယာ ကျင့်ဝတ် စုံစမ်းမှု ဗြိတိန် ဝန်ကြီးချုပ် သက်သေထွက်

  • 14 ဇွန် 2012
British Prime Minister David Cameron ဓာတ်ပုံ မူပိုင် AP
Image caption အခုလို စစ်ဆေး ခံရတာ ရှင်းပြ ချင်တာ ရင်ဖွင့် နိုင်တဲ့ အခွင့် အရေးလို့ ဝန်ကြီးချုပ်ပြော

ဗြိတိန် နိုင်ငံမှာ မီဒီယာ ကျင့်ဝတ်နဲ့ ပတ်သက်လို့ လူထု ရှေ့မှောက် ကြားနာ စစ်ဆေးမှု ပြုလုပ် နေရာမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကိုယ်တိုင် သက်သေ ထွက်ဆို ခဲ့ရပါတယ်။

Leveson စုံစမ်း စစ်ဆေးမှုလို့ သိကြတဲ့ ဒီကြားနာ စစ်ဆေးမှုဟာ အခု ဖျက်သိမ်းခဲ့ပြီး ဖြစ်တဲ့ News of the World သတင်းစာ တိုက်ကြီးရဲ့ ဖုန်းထဲ ကနေ တဆင့် သတင်း အချက်အလက်တွေ ခိုးယူခဲ့မှု အရှုပ်တော်ပုံကြီး ပေါ်ထွက်ခဲ့ အပြီး မီဒီယာ ကျင့်ဝတ်နဲ့ ပတ်သက်လို့ ကြားနာ စစ်ဆေးတာ ဖြစ်ပါတယ်။

အရောင်း သွက်တဲ့ အဲဒီ သတင်းစာတိုက်ကို ပိုင်တဲ့ ရူးပတ် မားဒေါ့ရဲ့ News Corporation အဖွဲ့နဲ့ နိုင်ငံရေး သမားတွေ သိပ်ရင်းနှီး လွန်းတယ် ဆိုတာကို ဝန်ကြီးချုပ်က အရင် ကတည်းက ဝန်ခံ ပြောခဲ့ပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ကိုယ်တိုင်က ရဲရဲ့ စစ်ဆေး မေးမြန်း ခံနေရတဲ့ News International ကုမ္ပဏီရဲ့ အရေး ပါတဲ့ ပုဂ္ဂိုလ် နှစ်ဦးနဲ့ နီးစပ်တဲ့ ဆက်နွယ် ပတ်သက်မှုတွေ ရှိနေ ပါတယ်။

ဝန်ကြီးချုပ် ကင်မရွန်းဟာ ကုမ္ပဏီရဲ့ အမှုဆောင် ရီဘက်ကာ ဘရွတ်ခ်စ်နဲ့ အတော့်ကို ရင်းနှီးပြီး သူ့ဆီ ပို့တဲ့ text message တွေမှာ "အချစ် များစွာဖြင့်" ဆိုပြီးတောင် လက်မှတ်ထိုး ပို့လေ့ ရှိခဲ့ ပါတယ်။

သတင်း လောကကို ချုပ်ချယ် မထား သင့်ဘူးလို့ ဝန်ကြီးချုပ် ကင်မရွန်းက ကြာသပတေးနေ့ ကြားနာ စစ်ဆေးမှုမှာ ထွက်ဆို သွားသလို နိုင်ငံရေး သမားတွေ အနေနဲ့ မီဒီယာနဲ့ ရင်းနှီး နီးစပ် လွန်းရင်လည်း အန္တရာယ် ရှိနိုင်ပြီး ပြည်သူ လူထုကို အကျိုး ယုတ်နိုင်တယ်လို့ ပြောသွား ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် ကင်မရွန်း အနေနဲ့ News of the World ရဲ့ အယ်ဒီတာဟောင်း အန်ဒီ ကောင်လ်ဆန်ကို သူ့ရဲ့ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဘာ့ကြောင့် ခန့်ခဲ့ တာလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း အစစ် ခံခဲ့ရပါတယ်။

မစ္စတာ ကင်မရွန်း က မစ္စတာ ကောင်လ်ဆန် ကို သူအလုပ် ခန့်ခဲ့မှုဟာ အငြင်း ပွားစရာ ကိစ္စ ဖြစ်ခဲ့ပြီး အခုလည်း နောက်တပတ် ပြန်ကျော့ လာခဲ့ ပြန်ပြီလို့ ပြော ပါတယ်။

ဒါပေမဲ့ လည်း သူ့ကို အလုပ် ခန့်တုန်းက မစ္စတာ ကောင်လ်ဆန် က သူဟာ ဖုန်းထဲကနေ သတင်း အချက်အလက်တွေ ခိုးယူမှု ကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မသိကြောင်း အာမ ခံခဲ့တယ်လို့ မစ္စတာ ကင်မရွန်းက အစစ်ခံ သွားခဲ့ ပါတယ်။

ဒီကြားနာ စစ်ဆေးမှုဟာ ရင်ဖွင့် ပြောခွင့်ရတဲ့ အချိန်အခါ ဖြစ်သလို ဆက်ဆံရေး ပြန်ညှိ နိုင်ဖို့ အခွင့် အလမ်း တရပ်လည်း ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ