ဆီးရီးယား အစိုးရ စစ်ရာဇဝတ်မှု ကျူးလွန်

  • 14 ဇွန် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန် တို့ အပြန်အလှန် စွပ်စွဲ ပြောဆို ခဲ့ကြ ပါတယ်။

ဆီးရီးယား အတိုက်အခံတွေကို အမေရိကန် အစိုးရက လက်နက် ထောက်ပံ့ပေးနေတယ်လို့ မစ္စတာ လာ့ဗ်ရော့ဗ်က စွပ်စွဲ ပြောဆိုမှု အပေါ် အမေရိကန်က ဆီးရီးယား သူပုန်တွေကို ဆက်သွယ်ရေး ကိရိယာနဲ့ လူမှု ကယ်ဆယ်ရေး အကူအညီတွေလိုမျိုး လူမသေစေလောက်တဲ့ ထောက်ပံ့မှုတွေ ပေးခဲ့တာပါလို့ မစ္စက် ကလင်တန်က တုန့်ပြန်ခဲ့ပါတယ်။

အီရန်နိုင်ငံကို ရောက်နေခိုက် သူက ပြောကြားရာမှာ ရုရှားဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အသုံးချနိုင်တဲ့ အရာ ဘာတခုမှ ထောက်ပံ့ပေးခဲ့တာ မရှိဘူး၊ အမေရိကန် အစိုးရကသာ တခြား ပင်လယ်ကွေ့ နိုင်ငံတွေကို ပုံမှန် လက်နက် ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် na
Image caption ပစ်ခတ်မှုတွေကြားက ဆီးရီးယား မြို့ရွာတွေ

ဆီးရီးယား အစိုးရဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စု အပေါ် ပြစ်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက အသစ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလလယ် ကတည်းက ဆီးရီးယား မြို့ရွာ ၂၃ခုမှာ ဒေသခံ ၂ဝဝကို မေးမြန်း စစ်တမ်းကောက်ယူပြီး ဒီအစီရင်ခံကို ထုတ်ပြန်ခဲ့တာပါလို့ လူ့အခွင့်အရေး အဖွဲ့ကြီးက ဆိုသလို ၊ ဆီးရီးယား အစိုးရဟာ လူတွေကို မီးလောင်တိုက်သွင်းတဲ့ ပေါ်လစီ ကျင့်သုံးနေပြီး ၊ အရပ်သားတွေကို သတ်ဖြတ် ၊ ညှင်းဆဲ ၊ အိမ်မွေး တိရစ္ဆာန်နဲ့ ကောက်ပဲသီးနှံအပြင် အိမ်ယာတွေကိုပါ ဖျက်ဆီးမှုတွေ တချို့နေရာတွေမှာ ကျူးလွန်နေတယ်လို့ ပြောပါတယ်။

Aleppo မြို့မှာ ဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို စစ်တပ်က ပစ်သတ်ခဲ့တာကြောင့် ဆန္ဒပြသူတွေနဲ့ အနီးက ဖြတ်သွား ဖြတ်လာ တွေတောင် သေကြေ ဒဏ်ရာရ ဖြစ်ခဲ့တာကို လူ့အခွင့်အရေး အဖွဲ့က စစ်တမ်း ကောက်ယူသူတွေ ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption Aleppo မြို့က ငြိမ်းချမ်းစွား ဆန္ဒပြမှု

ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သိမ်းယူခဲ့တဲ့ တောင်ပေါ်မြို့တခုကို အစိုးရ တပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက် ခဲ့ပါတယ်။

al-Haffa ကနေ မနေ့က အဂါနေ့ ညတွင်းချင်းဘဲ သူတို့တပ်တွေ ဆုတ်ခွာခဲ့တယ်လို့ သူပုန် တပ်ဖွဲ့တွေက ပြောပါတယ်။

ဟူလာနဲ့ ကူဘဲ ဒေသတွေမှာ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ခဲ့ သလိုမျိုး နောက်ထပ် လုပ်ဖို့ ကြံနေတယ်လို့ အစိုးရနဲ့ အတိုက်အခံ တွေကြား အပြန်အလှန် စွပ်စွဲ ပြောဆို နေကြပါတယ်။

ဟော်မ်စ်မြို့နဲ့ နိုင်ငံ မြောက်ပိုင်းက မြို့တွေ အပါအဝင် တိုင်းပြည်တွင်း နေရာ အတော်များများမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပြီး အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေ အပြောအရ အနည်းဆုံး လူလေးဆယ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရ ကတော့ အစောပိုင်းတုန်းက တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် သုံးဆယ်နီးပါးကို မြေမြုပ်ခဲ့ရတယ်လို့ ပြောနေပါတယ်။