ဒုတိယ တော်လှန်ရေး ဖြစ်မယ်လို့ အီဂျစ် မူဆလင် ညီအစ်ကို များကပြော

  • 15 ဇွန် 2012
Egypt
Image caption အီဂျစ်မှာ ပြီးခဲ့တဲ့ နှစ်အတွင်း ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေ တာပါ

မနှစ်က ကျင်းပခဲ့တဲ့ အီဂျစ် ရွေးကောက်ပွဲဟာ အခြေခံ ဥပဒေနဲ့ မညီတဲ့ အတွက် ရွေးကောက်ပွဲ အသစ်လုပ်ဖို့ အီဂျစ် တရား လွှတ်တော်ချုပ်က အမိန့်ချ လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်က တရားဝင် ပေမယ့် လက်တွေ့ မှာတော့ အီဂျစ် နိုင်ငံရေးကို ပိုပြီး ရှုပ်ထွေး စေတယ်လို့ ဘီဘီစီ သတင်းထောက် John Leyne ကသုံးသပ် ပါတယ်။

သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်ရက် အလိုမှာ တရားရုံးကနေနဲ့ ဘာကြောင့် အခုလိုမျိုး ဆုံးဖြစ်ချက် ချရသလဲ ဆိုတာ မေးစရာ ဖြစ်နေပါတယ်။

ဘာလို့လဲ ဆိုတော့ လက်တွေ့မှာ ပါလီမန်ကို တရားဝင် ဖျက်သိမ်း ခဲ့တယ် ဆိုရင် ဥပဒေပြု အာဏာကို စစ်ကောင်စီ လက်ထဲ ပြန်အပ် လိုက်တာနဲ့ အတူတူ ဖြစ်နေလို့ပါ။

အဲဒီလို ဖြစ်ခဲ့ရင် တော့ စစ်ကောင်စီ ကလည်း အမိန့်ပြန်တမ်း ထုတ်ပြန် ရမယ်၊ နောက်ပြီး လွှတ်တော် အမတ်တွေကို မစုစည်း နိုင်ဖို့ လုံခြုံရေး တင်းကျပ် မှုတွေ လုပ်ရ ပါမယ်။

အခုလောလောဆယ် မှာတော့ စစ်တပ် ဘက်က ဘာမှ မပြောလာ သေးပါဘူး။ တကယ်လို့ လုပ်လာ ခဲ့ရင်တော့ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူ တွေ ဘက်ကလည်း ငြိမ်နေမှာ မဟုတ်ပါဘူး။

ဒါဟာ စစ်တပ်က အာဏာသိမ်းတာ လို့ စောတက တက်မှာပါ။ အထူးသဖြင့် အငြိမ်းစား ဗိုလ်ချုပ်ဟောင်း အာမက် ရှာဖစ် သာ ဒီသမ္မတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့မယ်ဆိုရင် တော့ အတိုက် အခံဘက်က ပြောစရာတွေ ပိုရှိလာမှာပါ။

ဒါပေမယ့် အခုအခြေ အနေမှာ အဲဒီလို မဖြစ်လာ သေးတော့ အတိုက်အခံတွေ ဘက်က လည်း ဘာမှ သိပ် မပြောနိုင် သေးပါဘူး။

အထူးသဖြင့် ပါလီမန် ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံးနဲ့ အနိုင်ရ ထားတဲ့ မွတ်စလင် ညီနောင် များ အဖွဲ့ရဲ့ ပြောဆိုတဲ့ အသုံးအနှုံး တွေက ပြေလည်ရာ ပြေလည်ကြောင်း ပြောဆို နေတာ တွေ့ရပါတယ်။

စစ်တပ် ကလည်း အခု အခြေအနေ မှာ ထိပ်တိုက် တွေ့ဖို့ထက် ညှိနိုင်း ဆောင်ရွက် သွားနိုင်ပါတယ်။ အထူးသဖြင့် ဒီလ အကုန်မှာ အရပ်သား အစိုးရကို အာဏာ လွှဲပြောင်း ပေးဖို့ ကတိပေး ထားတာတွေ ရှိတော့ လတ်တလော အခြေအနေက ပိုမို ရှုပ်ထွေးစေပါတယ်။

သမ္မတဟောင်း မူဘာရက် မနှစ်က ပြုတ်ကျခဲ့ပြီး နောက်ပိုင်း ကတည်းက အီဂျစ် နိုင်ငံဟာ နိုင်ငံရေး ပဋိပက္ခ တွေအကြားမှာ နေနေရတာ အသားကျ နေပြီလို့တော့ ပြောနိုင် တယ်လို့ ဘီဘီစီ သတင်းထောက် John Leyne ကသုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ