ဥရောပ စီးပွားရေး ပူးပေါင်းကြဖို့ နှိုးဆော်

  • 22 ဇွန် 2012
lagarde ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ ဘဏ္ဍာရေး ဌာန တွေ ပိုချုပ်ကိုင်ဖို့ လို

ဥရောပ နိုင်ငံတွေ အချင်းချင်း စီးပွားရေး ပိုမို ပူးပေါင်း ဆောင်ရွက်မှသာ ဘဏ္ဍာရေး အကျပ်အတည်းကို ကိုင်တွယ် နိုင်လိမ့်မယ်လို့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က နှိုးဆော် ခဲ့ပါတယ်။

ဘဏ် ထိန်းချုပ် လည်ပတ်မှု မှာသာမက အစိုးရ ဘဏ္ဍာရေး ဌာန တွေကို ပိုပီး ချုပ်ကိုင် လာတာမျိုး တွေ လုပ်ဖို့ လိုနေပီလို့ ဥရောပ ဘဏ္ဍာရေး ဝန်ကြီးများ အဖွဲ့ အစည်းအဝေး အပီးမှာ IMF အကြီးအကဲ မစ္စ ခရစ္စတင်း လားဂါ့က ဆိုပါတယ်။

ဒီ အကြံပြုချက်ဟာ နိုင်ငံရေး ပါ၀င်မှု နက်ရှိုင်း လာဖို့နဲ့ စီးပွားရေး ပူးပေါင်းမှု အပြည့်အဝ ရှိတဲ့ ဥရောပ ပြည်ထောင်စု ဖြစ်လာဖို့ ရည်ရွယ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

တဆက်ထဲ အစိုးရသစ် တက်လာပီးနောက် ဂရိ ကယ်ဆယ်ရေး အကူငွေ ကိစ္စ စကားပြောဖို့ အေသင်ကို ကိုယ်စားလှယ် အဖွဲ့ လွှတ်မယ် လို့လဲ ယူရိုဇုန် ဝန်ကြီးများ အဖွဲ့က ဆိုပါတယ်။

ဒီအကူအညီ အတွက် လိုက်နာရမယ့် စည်းမျဉ်းတွေ လျှော့ပေးလိမ့်မယ်လို့ အစိုးရသစ်က မျှော်လင့် နေတာပါ။

IMF ၊ ဥရောပ ကော်မရှင်နဲ့ ဥရောပ ဗဟိုဘဏ် သုံးပွင့်ဆိုင် အဖွဲ့ကနေ ချိုး ခြံ ချွေတာရေး အကူအညီ လိုက်နာမှု တိုးတက်လာလား လေ့လာခိုင်းမယ်လို့လဲ သိရပါတယ်။

စပိန် အစိုးရ ဆီက ကယ်ဆယ်ရေး အကူအညီ တရားဝင် တောင်းခံ လာဖို့လဲ ယူရိုဇုန် အဖွဲ့က မျှော်လင့် နေပါတယ်။