ပါကစ္စတန်မှာ ဝန်ကြီးချုပ်လောင်း လျာထားသူ ဖမ်းဝရမ်း ထုတ်ခံရ

  • 21 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဝန်ကြီးချုပ်အဖြစ် ရာထားခံရအပြီး တရက်အကြာ မှာပဲ ရှာဟာဘူဒင် ဖမ်းဝရမ်း ထုတ်ခံရ

ပါကစ္စတန်နိုင်ငံမှာ အစိုးရရဲ့ Pakistan People’s Party ( PPP ) ကနေ ဝန်ကြီးချုပ်အဖြစ် လျာထားတဲ့ မာခ်ဒွမ်းမ် ရှာဟာဘူဒင် ( Makhdoom Shahabuddin) ကို တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။

မာခ်ဒွမ်းမ် ရှာဟာဘူဒင် ကို အခုလို ဖမ်းဝရမ်း ထုတ်လိုက်တာဟာ မူးယစ်ဆေး ထုတ်ရာမှာ အသုံးပြုတဲ့ ephedrine လို့ခေါ်တဲ့ တားမြစ်ဆေးတမျိုး နိုင်ငံထဲ တင်ပို့ခဲ့မှု ကိစ္စအပေါ် စုံစမ်းစစ်ဆေးနေမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

သူ ကျန်းမာရေး ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့စဉ် ၂၀၁၀ ခုနှစ်တုန်းက အဲဒီ တားမြစ်ဆေးဝါး နိုင်ငံထဲ တင်ပို့မှု ကန့်သတ်ထားချက်တွေကို ချိုးဖေါက်ခဲ့တယ်ဆိုပြီး အစွပ်စွဲ ခံထားရတာပါ။

မစ္စတာ ရှာဟာဘူဒင် ကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပြီး တကယ်တမ်းမှာ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်ဖို့ သူကိုယ်တိုင်က ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ယူဆွစ်ဖ် ရာဇာ ဂီလာနီ ( Yousuf Raza Gilani ) ကို ဝန်ကြီးချုပ်အဖြစ်ကနေ ပယ်ဖျက်လိုက်ကြောင်း အင်္ဂါနေ့တုန်းက တရားရုံးချုပ်က ထုတ်ဖေါ် ကြေညာလိုက်တဲ့ အတွက် ဝန်ကြီးချုပ် ရာထူး နေရာ လစ်လပ်သွားခဲ့အပြီး မနေ့ညကပဲ မစ္စတာ ရှာဟာဘူဒင်ကို ဝန်ကြီးချုပ် လောင်းအဖြစ် ရာထားလိုက်တယ်လို့ PPP ပါတီက ထုတ်ဖေါ် ကြေညာခဲ့တာပါ။

သမ္မတ အာဆစ်ဖ် ဇာဒါရီ (Asif Zadari) အပေါ် အဂတိ လိုက်စားမှု စွဲချက် ကိစ္စ ပြန် အမှုဖွင့်ဖို့ ဝန်ကြီးချုပ်ဂီလာနီက ငြင်း ဆိုခဲ့တဲ့အတွက် တရားရုံးကို မထီမဲ့မြင် ပြုတယ် ဆိုပြီး အခုလို ဝန်ကြီးချုပ် ရာထူးကနေ ပယ်ဖျက်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာပါ။

ဝန်ကြီးချုပ် ဂီလာနီ နေရာမှာ ဝန်ကြီးချုပ်သစ် အစားထိုး ခန့်အပ်ဖို့ ပါလီမန်မှာ သောကြာနေ့မှာ မဲခွဲ ဆုံးဖြတ်ကြမှာပါ။

ရှာဟာဘူဒင်ကို အခုလို ဖမ်းဝရမ်း ထုတ်လိုက်ခြင်းအားဖြင့် သူ့ကို ဝန်ကြီးချုပ် လောင်း အဖြစ် ရာထားမှုအပေါ် ထိခိုက်မှုတွေ ရှိမလား ဆိုတာကို အသေအချာ မသိရသေးပါဘူး။

တကယ်လို့ မစ္စတာ ရှာဟာဘူဒင်သာ ဝန်ကြီးချုပ် ဖြစ်လာမယ် ဆိုရင်လည်း သမ္မတ ဇာဒါရီအပေါ် အဂတိ လိုက်စားမှု စွဲချက် ကိစ္စ ပြန်အမှုဖွင့်ဖို့ မစ္စတာ ဂီလာနီကို တရားရုံးချုပ်က တောင်းဆိုသလို မစ္စတာ ရှာဟာဘူဒင်ကိုလည်း တောင်းဆိုမယ့် ပုံ ရှိပါတယ်။

သမ္မတ ဇာဒါရီကတော့ သူ့အပေါ် စွဲဆိုတဲ့ စွဲချက်တွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ် နေတယ်လို့ အခိုင်အမာ ပြောနေပါတယ်။

မစ္စတာ ဂီလာနီကို ဝန်ကြီးချုပ် အဖြစ်ကနေ ပယ်ဖျက်လိုက်တာဟာ အစိုးရနဲ့ တရားစီရင်ရေး စနစ်အကြား ကာလတာရှည် ဖြစ်ပွားနေတဲ့ ခါးသည်းတဲ့ ရန်ငြိုးရန်စတခုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အများက ယူဆနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ