ပါကစ္စတန်မှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်

  • 23 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ရာဂျာ ပါဗက်ဇ် အရှရက်ဖ်ကို ပါလီမန်မှာ မဲအရေ အတွက် ၃၄၀ ကျော် ရှိတဲ့ အနက် ၂၀၀ ကျော်ရဲ့ ထောက်ခံမှုနဲ့ ရွေးချယ်ခဲ့တာပါ

ပါကစ္စတန် နိုင်ငံမှာ တရားရုံး အမိန့်အာဏာကို ဖီဆန်မှုနဲ့ ဖယ်ရှား ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ယူဆွတ်ဖ် ရာဇာ ဂီလာနီရဲ့ နေရာမှာ အာဏာရ PPP ပါတီကဘဲ ဖြစ်တဲ့ ရာဂျာ ပါဗက်ဇ် အရှရက်ဖ် ကို ရွေးချယ်တင်မြှောက်လိုက်ကြပါပြီ။

ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ရာဂျာ ပါဗက်ဇ် အရှရက်ဖ်ကို ပါလီမန်ထဲမှာ မဲအရေ အတွက် ၃၄၀ကျော်ရှိတဲ့ အနက် ၂၀၀ ကျော်ရဲ့ ထောက်ခံမှုနဲ့ ရွေးချယ်ခဲ့တာပါ။

ဒါပေမယ့် သူ့ထက်ဦးစားပေးပြီး ရွေးချယ်ခံရနိုင်တဲ့ Makhdoom Shahabuddin ကိုတော့ တားမြစ်ထားတဲ့ ဆေးဝါးတွေ ပြည်ပက တရားမဝင် တင်သွင်းမှုနဲ့ပတ်သက်တယ်ဆိုပြီး တရားရုံး က ဖမ်းဝရမ်း ထုတ်ခဲ့ပြီးတဲ့နောက် အက်ရှရက်ဖ်ကို ရွေးချယ်ခဲ့ ကြတာပါ။

ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ သူ့အနေနဲ့ အရပ်ဖက် အစိုးရရယ်၊ တရားရုံးရယ်၊ စစ်တပ်ရယ်ကြားမှာ အမြဲဖြစ်နေတဲ့ အားပြိုင်မှု ပြဿနာတွေကို အမွေဆက်ခံ လိုက်ရပါတယ်။

သူရင်ဆိုင်ရမယ့် အဓိက အခက်အခဲ တခုကတော့ အရင်ဝန်ကြီးချုပ် ဟောင်း ယူဆွတ်ဖ် ရာဇာ ဂီလာနီ တုန်းကလိုဘဲ သမ္မတ Zadari ကို အဂတိ လိုက်စားမှု စွပ်စွဲချက်တွေ အတွက် စစ်ဆေးဖို့ ကိစ္စ ဖြစ်ပါတယ်။

မစ္စတာ ဂီလာနီက အဲဒီလို စုံစမ်းစစ်ဆေး ဖို့ငြင်းဆန်ခဲ့တဲ့ အတွက် တရားရုံးက သူ့ကို အာဏာဖီဆန်မှုနဲ့ တာဝန်က ဖယ်ရှားခဲ့တာပါ။ မစ္စတာ ဂီလာနီကတော့ သမ္မတမှာ အဲဒီလို စုံစမ်း စစ်ဆေးမှု ကနေ ကင်းလွတ်ခွင့် ရှိတယ်လို့ ဆိုခဲ့ပါတယ်။

သမ္မတ ဇာဒါရီဟာ သူ့ဇနီး ဘနာဇီယာဘူတို ဝန်ကြီးချုပ် ဖြစ်ခဲ့စဉ်တုန်းက လာဘ်ငွေတွေကို ဆွစ်ဇ်ဘဏ်တွေမှာ သိမ်းထားတယ်လို့ စွပ်စွဲ ခံနေရတာပါ။ သမ္မတ ဇာဒါရီကတော့ ဒါဟာ နိုင်ငံရေး အရ လုပ်ကြံ စွပ်စွဲချက်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ ပါတယ်။

အခုလို ပြဿနာတွေ အပြင် တိုင်းပြည် စီးပွားရေး အကျပ် အတည်း ဖြစ်နေတာ၊ အမေရိကန် အစိုးရနဲ့ ဆက်ဆံရေး မပြေလည်တာနဲ့ အာဖဂန် နယ်စပ်မှာ လူမျိုးစု သူပုန်ထမှုတွေနဲ့ ရင်ဆိုင် နေရ တာ တွေကိုပါ ဖြေရှင်းရဖို့ ရှိနေတာမို့ ဝန်ကြီးချုပ် သစ် ရာဂျာပါဗက်ဇ် အရှရက်ဖ် အဖို့ ရှေ့နှစ် ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲ အထိ လက်ရှိ အစိုးရ တည်မြဲအောင် အတော်ကို ကြိုးစားရမယ့် သဘောရှိပါတယ်။

အာဏာရ PPP ပါတီရဲ့ အဓိက ရည်ရွယ်ချက်က ပါကစ္စတန်မှာ ပထမဦးဆုံး ငါးနှစ်သက်တမ်း ပြည့်တာဝန်ယူ နိုင်တဲ့ အစိုးရ တရပ်ဖြစ်လာဖို့ပါ။ တကယ်လို့ ရွေးကောက်ပွဲ ရောက်တဲ့ အထိ ထိန်းထား နိုင်မယ်ဆိုရင်၊ တရားရုံးနဲ့ စစ်တပ်တို့က ဝိုင်းပြီး ဖိအားပေး ခံနေရတယ်လို့ မြင်နေကြသူ အများအပြားရဲ့ ထောက်ခံမဲတွေကို ရလိမ့်မယ်လို့ စောင့်ကြည့် လေ့လာသူ တချို့က သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ