အီဂျစ် ရွေးကောက်ပွဲ ရလဒ် ကြေညာ

  • 24 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ညလုံးပေါက် စောင့်ဆိုင်းနေခဲ့ကြတဲ့ မစ္စတာ မူဆီကို ထောက်ခံသူတွေ အောင်ပွဲခံ ခဲ့ကြပါတယ်

အီဂျစ်နိုင်ငံ Muslim Brotherhood မူဆလင် ညီနောင်များအဖွဲ့က မိုဟာမတ် မူဆီ ဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိ သွားတယ်လို့ အီဂျစ်ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

မစ္စတာ မူဆီဟာ မဲအရေအတွက် ၅၁.၇ ရာခိုင်နှုန်းနဲ့ နိုင်ရရှိသွားတာ ဖြစ်ပြီး၊ အီဂျစ်နိုင်ငံရဲ့ ပထမဦးဆုံး အစ္စလာမ်မစ် ခေါင်းဆောင်အဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ရလဒ်ကြေညာတဲ့အချိန်မှာ သူ့ကို ထောက်ခံသူ ကြီးမားလှတဲ့ လူအုပ်ကြီးဟာ တာဟီရာ ရင်ပြင်မှာ ပျော်ရွှင်စွာ အောင်ပွဲခံ ခဲ့ကြပါတယ်။

အခုလို ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်လာခဲ့ပြီးနောက် မစ္စတာ မူဆီက အီဂျစ်နိုင်ငံရဲ့ တရားရေး၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ထုတ်ဖေါ်ပြောကြားပါတယ်။

အရင်ကတော့ အဲဒီအဖွဲ့တွေဟာ ဒီမိုကရေစီရေး အကောင် အထည် ဖေါ်နေတဲ့ ဖြစ်စဉ်တွေကို ကာကွယ်တားဆီးနေတယ်လို့ မစ္စတာ မူဆီက ပြောခဲ့ဖူးပါတယ်။

သမ္မတရွေးကောက်ပွဲမှာ မစ္စတာ မူဆီရဲ့ ပြိုင်ဖက်ကတော့ အရင် ဗိုလ်ချုပ်ကြီးဟောင်း လည်းဖြစ်၊ သမ္မတမူဘာရက် လက်ထက်က ဝန်ကြီး ဖြစ်ခဲ့ဖူးသူ အာမတ် ရှဖစ်ခ် ဖြစ်ပါတယ်။

အခုလို ရွေးကောက်ပွဲ ရလဒ် ကြေညာဖို့ကိစ္စဟာ ၄ ရက်တောင် ကြန့်ကြာ နေခဲ့ရတာ ဖြစ်ပြီး၊ မူဆလင် ညီနောင်များ အဖွဲ့ကိုထောက်ခံသူ လူတွေဟာ အုပ်ကြီးအုပ်ငယ်နဲ့ ကိုင်ရိုမြို့လယ် တာဟီရာ ရင်ပြင်မှာ မနေ့ကတည်း စုရုံး ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

အီဂျစ် ရွေးကောက်ပွဲကော်မရှင်က ရလဒ်ကို ကြာသပတေးနေ့မှာ ကြေညာရမှာ ဖြစ်ပေမယ့်လည်း နှစ်ဘက် ကိုယ်စားလှယ်လောင်းတွေရဲ့ တိုင်းတန်းချက်တွေကို ထည့်သွင်း စဉ်စားဖို့ အတွက် အချိန် ပိုယူရမယ် ဆိုပြီး ကြေညာဖို့ ရက်ရွှေ့လိုက်တာ ဖြစ်ပါတယ်။

သတင်းထောက်တွေပြောတာကတော့ အခုလို ရလဒ်ကြေညာဖို့ ကြံ့ကြာခဲ့ရတဲ့ အတွက် အီဂျစ်နိုင်ငံမှာ တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး၊ ပြိုင်ဖက် ကိုယ်စားလှယ်လောင်းတွေ အကြား တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ အကြီးအကျယ် ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ