တူရကီ တိုက်လေယာဉ်ကို သတိမပေးပဲ ဆီးရီးယား ပစ်ချ

  • 24 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်စ စော်ကားတဲ့ လုပ်ရပ် မဟုတ်ပါဘူးလို့ ဆီးရီးယားဘက်က ပြောပါတယ်

ဆီးရီးယား ပစ်ချခဲ့တဲ့ တိုက်လေယာဉ်နဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန် မလဲဆိုတာ ဆွေနွေးရအောင် နေတိုး မြောက်အတ္တလန် တိတ် စာချုပ်အဖွဲ့ကို အစည်းဝေး ခေါ်ယူဖို့ တူရကီနိုင်ငံက တောင်းဆို လိုက်ပါတယ်။

နေတိုးအဖွဲ့ဝင် နိုင်ငံတခု အနေနဲ့သူ့ရဲ့ လုံခြုံရေး အပေါ် ခြိမ်းခြောက် ခံနေရတယ်လို့ ယူဆရင် အဖွဲ့ဝင် အားလုံးပါဝင်တဲ့ အစည်းဝေး ခေါ်ယူပြီး အကြံဉာဏ် တောင်းပိုင်ခွင့် ရှိတယ်ဆိုတဲ့ နေတိုးပဋိဉာဉ် စာချုပ်အရ အခုလိုတောင်းဆို လိုက်တာပါ။

သူတို့ရဲ့ F4 Phantom တိုက်လေယာဉ်ကို နိုင်ငံတကာ လေကြောင်း ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရတာလို့ တူရကီဘက်က ပြောနေပါတယ်။ ဆီးရီးယားကတော့ သူတို့ ဝေဟင်ပိုင်နက်ထဲမှာ ပစ်ချခဲ့တာသာ ဖြစ်တယ်လို့ ဆိုနေတာပါ။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့ကျရင် ဘရပ်ဆဲလ်စ်မြို့မှာ ဆွေးနွေးကြဖို့ ရှိတယ်လို့ နေတိုးအဖွဲ့ရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချတဲ့ အဓိက အဖွဲ့အစည်း ဖြစ်တဲ့ မြောက်အတ္တလန်တိတ် ကောင်စီ ပြောခွင့်ရသူ အမျိုးသမီးက ဆိုပါတယ်။

တူရကီ အစိုးရက ဒီကိစ္စ အတွက် ဘယ်လို တုံ့ပြန်မယ် ဆိုတာနဲ့ ပတ်သက်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်တဲ့ အခါ တတ်နိုင်သမျှ အခိုင်မာဆုံး ကျောထောက် နောက်ခံရဖို့ ဆန္ဒရှိနေတာ ဖြစ်တယ်လို့ အစ္စတန်ဘူးလ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟက်ဒ်က ဆိုပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ တရားဝင်ပြီး ခိုင်မာပြတ်သားလိမ့်မယ်၊ ပြီးတော့ ပြည်သူတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးမှာ ဖြစ်တယ်လို့ တူရကီ အစိုးရက ဆိုပါတယ်။

တူရကီ တိုက်လေယာဉ်ဟာ ဆီးရီးယား ပိုင်နက်ထဲကို လမ်းမှာ ဝင်သွားတာသာ ဖြစ်ပြီး အဲဒါကို သတိပြုမိလို့ ပြန်လှည့်လာတဲ့ အချိန်မှာ ၁၅ မိနစ် လောက်ကြာမှ ပစ်ချခံခဲ့ရတာ ဖြစ်တယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံမ်ဟိဂ်ကလည်း ဆီးရီးယားရဲ့ လုပ်ရပ်ဟာ ဒေါသထွက်စရာ ဖြစ်ပြီး လက်ခံနိုင်စရာ မရှိတဲ့ အပြုအမူ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယားတို့ဟာ တချိန်က ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ပြီး ၂၀၁၁ မတ်လမှာ သမ္မတ ဘာရှားအယ်လ် အာဆတ် ရဲ့ အုပ်ချုပ်မှု အပေါ် ဆန့်ကျင် အုံကြွမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်မှာ ဆက်ဆံရေး ဆိုးရွားလာတာ ဖြစ်ပါတယ်။

ဆီးရီးယားက ပဋိပက္ခတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး တူရကီနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည် အရေအတွက် ဟာလည်း သုံးသောင်းလောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ