အီဂျစ်သမ္မတသစ် အစိုးရဖွဲ့ဖို့ စတင်လုပ်ဆောင်

  • 25 ဇွန် 2012

အီဂျစ် သမ္မတရွေးကောက်ပွဲ အနိုင်ရသူအဖြစ် တနင်္ဂနွေနေ့တုန်းက ကြေငြာခံရတဲ့ မစ္စတာ မိုဟာမက် မော်စီဟာ အခုတော့ အရင် သမ္မတဟောင်း ဟော့စနီ မူဘာရက် ထိုင်ခဲ့တဲ့ သမ္မတရုံးနေရာကို ရွှေ့ပြောင်းခဲ့ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ စလုပ်နေပါတယ်။

ဓာတ်ပုံ မူပိုင် x
Image caption အီဂျစ်ရဲ့ သမ္မတသစ် မိုဟာမက် မော်စီ

ဒါပေမဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရမှာကတော့ ဇွန်လ ၃၀ ရက်နေ့ ဖြစ်ပါတယ်။ မစ္စတာ မော်စီဟာ အီဂျစ်နိုင်ငံသား နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ်ဘာရာဒေးနဲ့ ဆွေးနွေးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

သမ္မတသစ်က သူ့ရဲ့ မွတ်ဆလင် ညီနောင်များ ပါတီ အနိုင်ရလို့ တခြား အစ္စလာမ် မဟုတ်တဲ့ သူတွေ အနေနဲ့ စိုးရိမ်စရာ မရှိကြောင်း ပြောခဲ့သလို မစ္စတာ အယ်လ်ဘာရာဒေး အနေနဲ့လည်း သမ္မတနဲ့ ညှိနှိုင်းပြီး ညီညွတ်ရေးအတွက် အထောက်အပံ့ ပေးနိုင်စရာ ရှိပါတယ်။

သမ္မတသစ်ဖွဲ့မယ့် အစိုးရအဖွဲ့မှာ ထိပ်တန်းဦးစားပေးအဖြစ် အီဂျစ်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံးကို ကိုယ်စားပြုနိုင်တဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရေး ဖြစ်တယ်လို့ သမ္မတ သစ် မစ္စတာ မော်စီက ပြောပါတယ်။

သူ့အနေနဲ့ ဝန်ကြီးချုပ်တစ်ဦးနဲ့ ဒုတိယ သမ္မတတွေကိုလည်း ရွေးချယ် ခန့်အပ်ရမှာ ဖြစ်ပါတယ်။ သူ့အစိုးရသစ်အနေနဲ့ အီဂျစ်မှာ ထိခိုက် ကျဆင်းနေတဲ့ စီးပွားရေးကို နလန်ပြန်ထူအောင် လုပ်ဖို့၊ ယိုယွင်း ပျက်စီးနေတဲ့ လုံခြုံရေးစနစ် ပြန်ကောင်းအောင် လုပ်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အခြေခံဥပဒေကို ရေးဆွဲရေးကလည်း သမ္မတသစ်ရဲ့ လုပ်ဆောင်နိုင်မှု အရည်အချင်းအတွက် တကယ့် စမ်းသပ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေပြုရေး အာဏာရှိနေတဲ့ လက်ရှိ အာဏာရ စစ်တပ်အနေနဲ့ အခြေခံဥပဒေအတွက် တင်ပြလာတဲ့ ဘယ်ပြဌာန်းချက်မဆို ဗီတို အာဏာနဲ့ ပယ်ချနိုင်လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် သူသမ္မတသစ်အဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရမလဲဆိုတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။ သူ့ရဲ့ မွတ်ဆလင် ညီနောင်များ ပါတီကို ထောက်ခံသူတချို့ကတော့ ကိုင်ရိုမြို့လယ် တာရီယာ ရင်ပြင်မှာ ဆက်ရှိနေကြပြီး တချို့က စစ်အုပ်ချုပ်ရေးစနစ် ကျဆုံးပါစေဆိုပြီး ဆက်လက် ကြွေးကြော်နေကြပါတယ်။