ဗိုလ်ချုပ်ကြီး အပါအဝင် ဆီးရီးယား တပ်သားတွေ ဘက်ပြောင်း

  • 25 ဇွန် 2012
ဆီးရီးယားတပ်သား တွေတူရကီဘက်ကိုပြေး ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားတပ်သား တွေတူရကီဘက်ကိုပြေး

ဆီးရီးယားသမ္မတ Bashar al-Assad's ရဲ့စစ်တပ်မှ အကြီးတန်းအရာရှိတွေ အပါအဝင် ဆီးရီးယားစစ်သား သုံးဆယ်ကျော်တို့ဟာ သမ္မတကိုသစ္စာ မခံတော့ဘဲ အိမ်နီးချင်း တူရကီနိုင်ငံကို ဖြတ်ကျော် ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီထဲမှာ ဗိုလ်ချုပ်ကြီးတယောက် ဗိုလ်မှူးကြီး နှစ်ယောက်နဲ့ သူတို့မိသားစုဝင်တွေ ပါဝင်တယ်လို့ Anatolia တူရကီအစိုးရမီဒီယာက ကြေညာပါတယ်။

ဆီးရီးယားမှာ ပုန်ကန်မှုတွေဖြစ်ပြီးတဲ့နောက် တူရကီကိုဖြတ်ကျော် ထွက်ပြေးလာတာ ဒီအဖွဲ့ဟာ အင်အားအကြီးဆုံးဖြစ်တယ်လို့ တူရကီရှိဘီဘီစီ သတင်းထောက်ကပြောပါတယ်။ သောကြာနေ့တုန်းက တူရီကီစစ်လေယာဉ်တစီးကို ဆီးရီးယားက ပစ်ချပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေကြီးထွားလာနေပါတယ်။

ဆီးရီးယားလေပိုင်နက်ကို ကျူးကျော်လို့ တူရကီ လေယာဉ်ကို ပစ်ချလိုက်တာလို့ ဆီးရီးယား ဘက်က ပြောပါတယ်။ လေယာဉ်ကို ဒုံးကျည်နဲ့တိုက်တာ မဟုတ်ဘဲ လေကြောင်းရန်ကာကွယ်တဲ့ လက်နက်နဲ့ပစ်တာလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံက တူရကီနိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ ဆက်လိုလားတယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ တူရကီအစိုးရအဖွဲ့က ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ အစည်းအဝေးပြုလုပ်နေပါတယ်။ နိုင်ငံတကာ လေပိုင်နက်မှာ သတိမပေးဘဲပစ်ချခံရတာလို့ တူရကီဘက်ကပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ