တူရကီ လေယာဉ်ကို ပစ်ချခဲ့မှု၊ ဆီးရီးယားကို ရှုတ်ချ

  • 26 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption တူရကီ ဂျက်လေယာဉ်ကို ပစ်ချခဲ့တဲ့ အပေါ် ဆီးရီးယားကို ပြစ်တင် ရှုတ်ချ

တူရကီ ဂျက်လေယာဉ် တစင်းကို ဆီးရီးယား တပ်ဖွဲ့တွေ သောကြာနေ့က ပစ်ချလိုက် အပြီးမှာ တူရကီနဲ့ ဆီးရီးယား အကြား ဆက်ဆံရေး အခြေအနေဟာ ပြောင်းလဲသွားခဲ့ ပြီလို့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က ပါလီမန်မှာ ပြောကြား လိုက်ပါတယ်။

ပါလီမန်မှာ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က သူ့ပါတီကို အားမန် ပါပါနဲ့ ပြောဆို သွားပုံဟာ အတော့်ကို ဂန္တဝင် မြောက်တယ်လို့ ပြောနိုင်ပါတယ်။

အဲဒီ ပါလီမန် မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ် အယ်ဒိုဟဲန်က တူရကီ ဂျက်လေယာဉ်ကို ဆီးရီးယား တပ်ဖွဲ့တွေ ပစ်ချခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြစ်တင် ရှုတ်ချခဲ့ သလို ဒေသတွင်း တူရကီ အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီနဲ့ ပတ်သက်လို့လည်း ကျယ်ကျယ် ပြန့်ပြန့် ကာကွယ် ပြောဆိုသွားခဲ့ ပါတယ်။

မြေထဲ ပင်လယ် အရှေ့ပိုင်းဟာ တူရကီအတွက် အရေးပါတဲ့ ဒေသဖြစ်တယ်၊ ဒါ့ကြောင့် တူရကီအ စိုးရအနေနဲ့ အဲဒီနေရာမှာ ကင်းထောက် လေယာဉ်တွေ နဲ့ စောင့်ကြည့် ထောက်လှမ်းခွင့် ရှိတယ်လို့ ဝန်ကြီးချုပ် အယ်ဒိုဟဲန်က ပြောသွားပါတယ်။

ပစ်ချခံခဲ့ရတဲ့ F4 ကင်းထောက် လေယာဉ်ဟာ လက်နက် တပ်ဆင်ထားခြင်း မရှိဘူး၊ ဘယ်လေယာဉ်လဲ ဆိုတာ ထင်ထင်ရှားရှား သိနိုင်တယ်၊ ပစ်ချခံရချိန်မှာ ဆီးရီးယား လေပိုင်နက်ထဲမှာ ရှိမနေဘူးလို့ တူရကီ အစိုးရ ပြောခဲ့တဲ့အတိုင်း ဝန်ကြီးချုပ် အယ်ဒိုဟဲန်က ထပ်လောင်း ပြောသွားပါတယ်။

ဆီးရီးယား နိုင်ငံလို တူရကီရဲ့ မိတ်ဆွေ နိုင်ငံတခုက အခုလို လုပ်ခဲ့တာဟာ အတော်လေးကို အရှက်မရှိတဲ့ လုပ်ရပ် ဖြစ်တယ် လို့လည်း သူက ပြောသွားပါတယ်။ ဒါ့အပြင် သမ္မတ အားဆာတ် အစိုးရဟာ သူ့ ဆီးရီးယား ပြည်သူတွေ အတွက် တင်သာမက တူရကီ နိုင်ငံ အတွက်လည်း လုံခြုံရေး အန္တရာယ် ပေးနိုင်တယ် ဆိုတဲ့ အကြောင်း ဝန်ကြီးချုပ် အယ်ဒိုဟဲန်က အသေးစိတ် ပြောသွားပါသေးတယ်။

အခု ဖြစ်ရပ်ကြောင့် တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံ အကြား ဆက်ဆံရေး အခြေအနေ ဟာ တမျိုးတဖုံ ပြောင်းလဲ ရောက်ရှိသွားပြီလို့ ဆိုပါတယ်။

နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တလျှောက်မှာ ဆီးရီးယား တပ်ဖွဲ့တွေရဲ့ အနာဂတ် လှုပ်ရှားမှု မှန်သမျှကို ရန်လိုတဲ့ အပြုအမူတွေ အဖြစ် မှတ်ယူမှာ ဖြစ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့လည်း ဝန်ကြီးချုပ် အယ်ဒိုဟဲန်က ပြောပါတယ်။

ဒါ့အပြင် တူရကီ ကင်းထောက် လေယာဉ် ဟာ ဆီးရီးယား လေပိုင်နက်နဲ့ ဒီလောက်တောင် နီးနီးကပ်ကပ် ရောက်ရလောက်အောင် ဘာလုပ်နေခဲ့တာလဲ လို့ မေးခွန်းထုတ်ခဲ့တဲ့ တူရကီ သတင်းထောက် နှစ်ယောက်ကိုလည်း ဝန်ကြီးချုပ် အယ်ဒိုဟန်က ပြစ်တင် ရှုတ်ချလိုက်ပြီး သူတို့ဟာ ဆီးရီးယားရဲ့ လုပ်ရပ်ကို တရားဝင် ဖြစ်အောင် လုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ