ဘုရင်မကြီးနဲ့ McGuiness လက်ဆွဲနှုတ်ဆက်

  • 27 ဇွန် 2012
Image caption သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်မှုဟာ မြောက်ပိုင်း အိုင်ယာလန် မှာ နိုင်ငံရေးသစ် ပေါ်ထွန်းလာတဲ့ လက္ခဏာလို့ ယူဆကြ

မြောက်ပိုင်း အိုင်ယာလန်ကို ရောက်နေတဲ့ ဗြိတိန်နိုင်ငံရဲ့ ဥသျှောင် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးက IRA အဖွဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့သူ မြောက်ပိုင်း အိုင်ယာလန်ရဲ့ လက်ရှိ ဒုတိယ ဝန်ကြီးချုပ် Martin McGuniness ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။

Belfast မြို့ ကဇာတ်ရုံမှာ သူတို့ နှစ်ဦး ပြုံးပြုံးရွှင်ရွှင် လက်ဆွဲ နှုတ်ဆက်ခဲ့မှုဟာ မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး အစီအစဉ် စတင်ခဲ့အပြီး နောက်ပိုင်း ထူးခြား ထိရောက်တဲ့ ရင်ကြားစေ့ရေး သင်္ကေတ လက္ခဏာ တစ်ရပ် ဖြစ်တယ်လို့ ယူဆကြပါတယ်။

ဘုရင်မကြီးကို ကျန်းမာ ပါစေကြောင်း မစ္စတာ McGuniness က အိုင်းရစ်ရှ် ဘာသာ စကားနဲ့ ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ အပြင် သူပြောခဲ့တဲ့ စကားပိုဒ်ရဲ့ အဓိပ္ပါယ်က ဘုရင်မကြီးကို နှုတ်ဆက်ကြောင်းနဲ့ ဘုရားသခင် ကောင်းချီး ပေးပါစေကြောင်း ဆုတောင်းပေးခဲ့တာလို့ ရှင်းပြပါတယ်။

မစ္စတာ McGuniness ဟာ ဗြိတိန်နိုင်ငံမှာ မြောက်ပိုင်း အိုင်ယာလန် ပေါင်းစည်း ပါဝင်ရေးကို အချိန်ကာလ အတော်ကြာအောင် ဆန့်ကျင် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်တုန်းက IRA အဖွဲ့ရဲ့ ဗုံးခွဲ တိုက်ခိုက်မှု တစ်ခုအတွင်း ဘုရင်မကြီးရဲ့ မောင်နှစ်မ ဝမ်းကွဲ တော်စပ်သူ လော့ဒ် မောင့်ဘတ်တန် သေဆုံးခဲ့ရပြီး IRA အဖွဲ့ဟာ ဗြိတိန် နိုင်ငံရဲ့ အုပ်စိုးမှုကို ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တာ ဖြစ် ပါတယ်။

ဘုရင်မကြီးက သူ့ရဲ့ နန်းသက် စိန်ရတု အထိမ်းအမှတ် အခမ်းအနား တစိတ်တပိုင်း အဖြစ် မြောက်ပိုင်း အိုင်ယာလန်မှာ နှစ်ရက်ကြာ နေထိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ