အီးယူ စီးပွားရေး ကူငွေ ဒေါ်လာ ဘီလျံချီ

  • 29 ဇွန် 2012
eu ဓာတ်ပုံ မူပိုင် Getty
Image caption ဘဏ္ဍာရေး နိုင်ငံရေး ပေါင်းစည်းမှု ရှိတဲ့ သမဂ္ဂ ဖြစ်စေလို

စီးပွားရေး တရှိန်ထိုး တိုးတက်လာဖို့နဲ့ အလုပ်အကိုင် ဖန်တီး ပေးနိုင်ရေး တို့ အတွက် ဒေါ်လာ ဘီလျံ ၁၅ဝ သုံးစွဲဖို့ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ သဘော တူ ခဲ့ကြ ပါတယ်။

ဘရပ်ဆဲမှာ ဥရောပ သမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲ ပထမနေ့ ကျင်းပ အပြီးမှာ သမဂ္ဂ ဥက္ကဋ္ဌ ဟာမန် ဗန် ရွမ်ပေါင်က ဒီဆုံးဖြတ်ချက်ကို ကြေညာ ခဲ့တာ ပါ။

ဒါပေမယ့် ဒီငွေတွေ ဟာ သမဂ္ဂ ရသုံး စာရင်း တွေထဲမှာ ပါဝင်ပြီးသား ဖြစ်တဲ့အပြင် စပိန်နဲ့ ဂရိလို အကြွေး လည်ပင်းခိုက် နေတဲ့ နိုင်ငံ တွေ အတွက် ချိုးခြံ ချွေတာရေး အစီအမံ တွေကို လျှော့ပေါ့ ပေးမှာ မဟုတ်ဘူးလို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ဆိုပါတယ်။

ဒီနိုင်ငံ တွေ အတွက် အကြွေးတွေ မျှခံ နေရတာကို ငြိုငြင် မလာခင် ဘဏ္ဍာရေး နဲ့ နိုင်ငံရေး အရ ပေါင်းစည်းမှု ရှိတဲ့ သမဂ္ဂ သဘောမျိုး အမြန် ပြုပြင် ပြောင်းလဲ နိုင်အောင် ဂျာမနီ အစိုးရ ကလဲ တောင်းဆို နေပါတယ်။

ဘဏ်ရှယ်ယာ စျေးတွေ ထိုးကျ ကုန်တဲ့ အတွက် ဘဏ်တိုးနှုန်း ကစားတဲ့ ကိစ္စ တွေ ကို အမေရိကနဲ့ ဥရောပ နှစ်ဘက်စလုံးက ငွေကြေး စနစ် ထိန်းချုပ်သူတွေ စုံစမ်း စစ်ဆေး ခဲ့ကြပါတယ်။

ဒေါ်လာ သန်း ၄၅ဝ ဒဏ်တပ် ခံရတဲ့ လန်ဒန်က ဘာကလေ ဘဏ်ကြီးရဲ့ အစုရှယ်ယာ တွေ ဟာ ၁၅ ရာခိုင်နှုန်း ကျော် ထိုးကျပြီး အရောင်းပိတ် သွားခဲ့ပါတယ်။

စကော့တလန် ဘဏ် ရှယ်ယာ တွေလဲ ၁၁ ရာခိုင်နှုန်း ကျော် ဆုံးရှုံး ခဲ့ပါတယ်။

နယူး ယောက်မှာတော့ ဂျေပီ မော်ဂန် အစုရှယ်ယာ တွေ ၂ ဒသမ ၅ ရာခိုင်နှုန်း ထိုးကျ သွားပါတယ်။

ဒါဟာ ဘဏ် တွေ ကြောင့် ဘဏ္ဍာရေး စနစ် ဗဟိုချက်မ တခုလုံး ယိုယွင်း နေတာကို ဖော်ပြ လိုက်တာ ဖြစ်တယ်လို့ ဗြိတိသျှ ဘဏ္ဍာရေး ဝန်ကြီး ဂျော့ အော်စဘွန်းက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ