ယူရိုဇုန်ငွေကြေးကိစ္စ မာ့ကဲလ် ပြည်တွင်းမှာ ဝေဖန်ခံရ

  • 29 ဇွန် 2012
Merkel ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာ့ကဲလ်

ဥရောပမှာ ဘဏ္ဍာရေးတည်ငြိမ်မှု ပြန်ရဖို့ ကြိုးစားတဲ့အနေနဲ့ ဒေသတွင်း အကြပ်အတည်းဆိုက်နေတဲ့ ဘဏ်တွေကို ဒေသတွင်း အထူးရံပုံငွေတွေထဲကနေ ငွေထုတ်ချေးမယ်လို့ သဘောတူခဲ့တဲ့အပေါ် ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာ့ကဲလ်ဟာ သူ့ပြည်တွင်းမှာ ဝေဖန်ခံနေရပါတယ်။

သက်ဆိုင်ရာ အစိုးရဆီက တဆင့် သွားစရာမလိုပဲ အခက်အခဲဖြစ်နေတဲ့ ဘဏ်တွေဆီကို တိုက်ရိုက် ငွေထုတ်ချေးဖို့ ယူရိုဇုန် ခေါင်းဆောင်တွေဟာ ကြာသပတေး နေ့တုန်းက သဘောတူခဲ့ကြပါတယ်။

အစောပိုင်းတုန်းကတော့ ဘဏ်တွေကို ငွေထုတ်ချေးရင် အစိုးရတွေဆီက တဆင့် ဖြတ်ရမယ်လို့ ဂျာမနီက ပြောခဲ့တာပါ။

ယူရိုဇုန်ခေါင်းဆောင်တွေရဲ့ အခု သဘောတူညီချက်ဟာ အထူးအားဖြင့် စပိန်က အကျပ်အတည်းဆိုက်နေတဲ့ ဘဏ်တွေကို ကယ်ဆယ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး ဥရောပတောင်ပိုင်း နိုင်ငံတွေအတွက် ငွေချေးစရိတ်တွေ သက်သာစေဖို့လည်း ဖြစ်ပါတယ်။

အခုသဘောတူညီချက်ကို ကြည့်ရင် ဝန်ကြီးချုပ် အင်ဂလာ မာ့ကဲလ်က အရှုံးပေးလိုက်တာ ဖြစ်တယ်လို့ ဂျာမနီ သတင်းစာတွေက ရေးကြပါတယ်။ ဝန်ကြီးချုပ်ကတော့ ဒါဟာ အရှုံးမဟုတ်ပဲ အောင်မြင်မှု တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်ကုန်လောက်ကျရင် ယူရိုဇုန် ဘဏ်တွေအတွက် ကြီးကြပ်ပေးမယ့် ဒေသတွင်းအဖွဲ့တခုလည်း ဖွဲ့ဖို့ သဘောတူခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ