ဟောင်ကောင်မှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြ

  • 1 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဟောင်ကောင်မှာ ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် တည်ဆောက်ရေး ဆန္ဒပြသူတွေ တောင်းဆို

ဗြိတိသျှ ကိုလိုနီ အဖြစ်ကနေ ပြီးခဲ့တဲ့ ၁၅ နှစ်က တရုတ် အုပ်ချုပ်မှု အောက်ကို ပြန်လည် လွှဲပြောင်း ခဲ့တဲ့ ဟောင်ကောင်မှာ အုပ်ချုပ်ရေး မှူးသစ် တဦးကို ခန့်အပ် ခဲ့ပြီးနောက် လူပေါင်း သောင်းနဲ့ ချီပြီး ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

ဟောင်ကောင်ဟာ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အဝ မရဘူးဆိုပြီး ကန့်ကွက် ကြသူတွေက အင်နဲ့ အားနဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် CY Leung ကို ဆန့်ကျင်သူတွေက သူဟာ ဘေကျင်း အစိုးရ အလိုကျ ရွေးချယ်ထားသူသာ ဖြစ်တယ်လို့ စွပ်စွဲနေပါတယ်။

ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူး သစ်ကို ရွေးချယ်ရာမှာ ပြည်သူ တွေက တိုက်ရိုက်မဲပေးတဲ့ စံနစ်မျိုးနဲ့ မဟုတ်ဘဲ electoral college လို့ခေါ်တဲ့ မဲဆန္ဒရှင် ပြည်သူအများရဲ့ကိုယ်စားလှယ် ၁၂၀၀ က ရွေးချယ်ရတာပါ။

အဲဒီ ကိုယ်စားလှယ်တွေဟာ စီးပွားရေး ခေါင်းဆောင်တွေနဲ့ တခြား ထင်ရှားတဲ့ သူတွေ ဖြစ်ကြပါတယ်။ ဟောင်ကောင် ပြည်သူ အများ အပြား ကတော့ လူတိုင်းမဲထည့်ခွင့် အတွက် တောင်းဆိုနေကြ ပါတယ်။

ဒီကြားထဲ မှာဘဲ CY Leung ရဲ့ အိမ်မှာ တရားမဝင် အဆောက်အဦး တိုးချဲ့တာတွေ ဆောင်ရွက်ခဲ့တယ် ဆိုပြီး သူ့အတွက် အရှက်ရ စရာ ပြဿနာ ကလည်း ပေါ်ပေါက် လာပါတယ်။ သူ့ပြိုင်ဘက် Henry Tang အရေးနိမ့် ခဲ့ရတာဟာ အလားတူ ပြဿနာ မျိုးကြောင့်ပါ။

အုပ်ချုပ်ရေးမှူးသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်လာတဲ့ တရုတ်သမ္မတ ဟူကျင်းတောင် ကတော့ ဟောင်ကောင်ကျွန်းကို လွှဲပြောင်းယူခဲ့တဲ့ ၁၅ နှစ် မြောက် အခါသမယနဲ့ တိုက်ဆိုင် နေတာကြောင့် ပျော်ရွှင် ဝမ်းမြောက်စရာ ကောင်းတဲ့ အချိန်အခါ ဖြစ်တယ်လို့ ဆိုရင်း Mr Leung ကို ကြိုဆို ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ပြည်ရဲ့ တပြည်ထောင်၊ စံနစ် နှစ်မျိုးနဲ့ သွားနေတဲ့ ပုံစံဟာလည်း အောင်မြင်တယ်လို့ သူက ဆိုနေပါတယ်။ သူ့ခရီးစဉ် အတွင်း စနေနေ့တုန်းကတော့ တီယန်နမင် ရင်ပြင်မှာ သေဆုံး ခဲ့ရသူတွေ အတွက် စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆို ဆန္ဒပြကြသူတွေကို ဟောင်ကောင် ရဲက မျက်ရည်ယို ဓါတ်ငွေ့ spray တွေ သုံးပြီး လူစုခွဲခဲ့ ရပါတယ်။

မစ္စတာ ဟူကျင်းတောင် ဟောင်ကောင်ကို ရောက်လာချိန်ဟာ တရုတ်အစိုးရ အပေါ် လူတွေရဲ့ ယုံကြည်မှု ကျဆင်းနေချိန် နဲ့လည်း တိုက်ဆိုင်နေပါတယ်။

လတ်တလော တရုတ်နိုင်ငံမှာ အိမ်မြေစျေးတွေ စံချိန်တင် မြင့်တက်နေတာ၊ ဆင်ရဲ ချမ်းသာ ကွာဟမှု ကြီးမားတာ၊ ဒီမိုကရေစီ မရှိတာနဲ့ နိုင်ငံရေး သမားတွေရဲ့ အရှက် ရစရာ အဖြစ်အပျက်တွေ လူသိရှင်ကြား ပေါ်ပေါက် လာတာတွေကြောင့် လူအတော်များများက မကျေနပ်မှုတွေ ရှိနေချိန်လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ