မက္ကဆီကို သမ္မတရွေးကောက်ပွဲ အတိုက်အခံအနိုင်ရ

  • 2 ဇူလိုင် 2012

မက္ကဆီကို သမ္မတ ရွေးကောက်ပွဲမှာ အတိုက်အခံ PRI ပါတီက ခေါင်းဆောင် Enrique Pena Nieto အန်ရီကာ ပီနေ နီယက်တို အနိုင်ရသွားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မက္ကဆီကို သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတိုက်အခံ ပါတီခေါင်းဆောင် အန်ရီကာ ပီနေ နီယက်တို

PRT ပါတီဆိုတာကတော့ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက ဆိုရင် မက္ကဆီကိုကို ၇၁ နှစ်တိုင်တိုင် အုပ်ချုပ်လာတဲ့ ပါတီလို့ ပြောလို့ ရပါတယ်။ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲတုန်းကမှ ရှုံးနိမ့်ပြီးနောက် အခုရွေးကောက်ပွဲမှာတော့ ကနဦး ရလဒ်တွေအရ ရွေးကောက်ပွဲကို ပြန်နိုင်လာတာပါ။

အခု ရွေးကောက်ပွဲမှာ မဲမေးခွင့်ရှိသူ လူဦးရေ သန်း ၈၀ ရှိပါတယ်။ အခု ကနဦးရလဒ်တွေမှာဆိုရင် PRI ပါတီဟာ မဲစုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်းကို အနိုင်ရပြီး သူ့နောက်ကလိုက်တဲ့ မစ္စတာ Andres Manuel Lopez Obrador ထက် ၇ ရာခိုင်နှုန်းလောက်ထိ ပိုများတယ်လို့ သိရပါတယ်။

သမ္မတ သစ်ဖြစ်လာမယ့် မစ္စတာ Pena Nieto ဟာ ပါတီအတွက် မျက်နှာသစ် တစ်ဦးလည်း ဖြစ်ပြီး ရုပ်မြင်သံကြား သရုပ်ဆောင်တစ်ဦးကို လက်ထပ်ထားသူလည်း ဖြစ်ပါတယ်။ သူ့အစိုးရလက်ထက်မှာ ပုံစံသစ်နဲ့ အုပ်ချုပ်သွားမယ်လို့ဆိုပါတယ်။

၂၀၀၅ ခုနှစ်တုန်းက မက္ကဆီကိုရဲ့ လူဦးရေအများဆုံး ပြည်နယ်ဖြစ်တဲ့ State of Mexico မှာ အုပ်ချုပ်ရေးမှူး ဖြစ်လာပြီးနောက် လူသိများလာသူလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက အခြေခံအဆောက်အအုံ လုပ်ငန်းတွေ၊ အစိုးရ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ သူ့ကတိနဲ့အညီ တိုးတက်မှုရအောင် လုပ်ဆောင်ခဲ့လို့ လူကြိုက်များခဲ့သူလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲကတော့ အတော်လည်း တည်ငြိမ်းအေးချမ်းစွာ ကျင်းပနိုင်ခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ရွေးကောက်ပွဲကို မူးယစ်ဆေးဝါးဂိုဏ်းတွေက နှောက်ယှက်မလားဆိုပြီး စိုးရိမ်မှုတွေ အတော်လေး ရှိခဲ့ပါတယ်။ ဒါကြောင့် လုံခြုံရေးအတွက် ရဲရော စစ်တပ်ပါ ထောင်နဲ့ချီပြီး ချထားခဲ့ရပါတယ်။

သမ္မတသစ်ဖြစ်လာမယ့် အသက် ၄၅ နှစ်အရွယ် မစ္စတာ Pena Nieto ကလည်း သူ့အစိုးရလက်ထက်မှာ မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ကတိပေးထားပါတယ်။ သူ့ပါတီတွင်းမှာ အရင်က မူးယစ်ဂိုဏ်းတွေနဲ့ ဆက်နွယ်မှုရှိခဲ့တယ်လို့ သူ့ပါတီတွင်းမှာ အခုအခါ စနစ်တကျလုပ်ဆောင်တဲ့ ဘယ်လို ရာဇဝတ်ဂိုဏ်မျိုးနဲ့မဆို အပေးအယူလုပ်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ မက္ကဆီကိုမှာ မူးယစ်ဆေးဝါး ပြဿနာကြောင့် ၂၀၀၆ ခုနှစ်ကတည်းက အခုချိန်ထိ လူပေါင်း ငါးသောင်းခွဲလောက် သေကြေခဲ့ရပါတယ်။

ဒါပေမယ့် သမ္မတရွေးကောက်ပွဲမှာ အပြိုင်မဲဆွယ်ကြတာကတော့ အဓိက အကြောင်းအရာကတော့ စီးပွားရေးဖြစ်ပါတယ်။ မက္ကဆီကို နိုင်ငံ လူဦးရေ တဝက်လောက်လောက်ဟာ ဆင်းရဲနွမ်းပါးမှုပြဿနာ ကြုံနေရပြီး အလုပ်လက်မဲ့နှုန်းက လေး ဒသမ ငါး ရာခိုင်နှုန်း ရှိပါတယ်။